ပခုက္ကူ အောက်တိုဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်အတွင်းရှိ အသက်(၆၀)နှင့်အထက်မဲဆန္ဒရှင်ပြည်သူများ ယနေ့ နံနက်၈နာရီမှစတင်ပြီး ကြိုတင် ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြောင်း အဆိုပါရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးထံက သိရသည်။
ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်တွင် အသက်(၆၀)နှင့် အထက်မဲဆန္ဒရှင်ပြည်သူများ ကြိုတင်ဆန္ဒမဲ လာရောက်ပေး ခြင်းကို မနက်၈နာရီမှ ည ၆နာရီအထိ သတ်မှတ်ထားကြောင်း၊ ထိုသို့ လာရောက်ပေးကြရာ အောက်တိုဘာလ၂၉ရက် (ပထမနေ့) နေ့လယ် ၁၂နာရီအချိန်ထိ ကြိုတင်မဲဆန္ဒမဲ (၈၁)ဦး ရှိပြီဖြစ်ကြောင်း၊ အမှတ်(၁၁)ရပ်ကွက်အတွင်း မဲရုံ(၈)ရုံ၊ မဲဆန္ဒရှင်ပြည် သူ (၈၂၄၁)ဦးရှိပြီး ကြိုတင်ဆန္ဒမဲများကို အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၅ရက်နေ့အထိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် လာရောက်ပေးရမည်ဖြစ်ကြောင်း ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဒေါ်တင်ယုဆွေက ပြောကြားခဲ့သည်။
အလားတူ ပခုက္ကူမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံး အသီးသီးတွင် လည်း ၂၀၂၀ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှင့်အထက် မဲဆန္ဒရှင်ပြည်သူများ ယနေ့ နံနက်ပိုင်းမှ စတင်ပြီး ကြိုတင်ဆန္ဒမဲများ စတင်ပေးနေကြပြီဖြစ်ကြောင်း သိရသည်။
ဆလိုင်းကိုကီး