ဖြူး ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင်း ကျေးရွာများတွင် အဓိကအားထားလုပ်ကိုင်သည့် စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထွက်ကုန်များသယ်ယူပို့ဆောင်ရာတွင် အရေးပါမည့် ပြောင်သေကျေးရွာအုပ်စု၊ ပြောင်သေကျေးရွာကုန်ထုတ်လမ်းအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ရာ ရာခိုင်နှုန်းပြည့်စီးသွားသောကြောင့် ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ် ပြောင်သေကျေးရွာကုန်ထုတ်လမ်းအား (၂၀-၈-၂၀၂၃)ရက်နေ့မှစတင်ပြီး Regal Universal ကုမ္ပဏီမှ တာဝန်ယူ၍ လမ်းပိုင်း(၁)တွင် လမ်းအရှည် ၅၇၀၀ ပေ၊ လမ်းအကျယ် ၁၄ ပေ၊ လမ်းအမြင့် ၂ ပေရှိသော ကျောက်ရောမြေခင်းခြင်းလုပ်ငန်း၊ လမ်းပိုင်း(၂)တွင် လမ်းအရှည် ၁၉၄၀ ပေ၊ အကျယ် ၁၄ ပေ၊ လမ်းအမြင့် ၃ ပေရှိသော ကျေးလက်ကုန်ထုတ်လမ်းကျောက်ရောမြေခင်းခြင်းလုပ်ငန်း၊ လမ်းပိုင်း(၃)တွင် လမ်းအရှည် ၃၆၀ ပေ၊ လမ်းအကျယ် ၁၄ ပေ၊ လမ်းအမြင့် ၃ ပေ၊ ၆ လက်မရှိသော ကျောက်ရောမြေခင်းခြင်းလုပ်ငန်း၊ အရှည် ၂၀ ပေ၊ အကျယ် ၁၆ ပေ၊ အမြင့် ၁၁ ပေရှိသော Slab Culvert တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းနှင့် အချင်း ၁ ပေ၊ ၆ လက်မ၊ အရှည် ၂၀ ပေရှိသော Pipe Culvert (၁၀)စင်းတည်ဆောက်ခြင်းလုပ်ငန်းများကို ပြည်ထောင်စုရန်ပုံငွေကျပ် ၁၈၃ ဒဿမ ၉၃ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပြီးစီးသွားသော ကုန်ထုတ်လမ်းအား ဖြူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးကျော်မျိုးအောင်နှင့်အင်ဂျင်နီယာဝန်ထမ်းများ၊ ကျေးလက်ကုန်ထုတ်လမ်းဖြစ်မြောက်ရေးကော်မတီဝင်များသည် ကွင်းဆင်းစစ်ဆေးပြီး ကုန်ထုတ်လမ်းအား အကျိုးရှိစွာရေရှည်အသုံးပြုနိုင်ရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းနှင့် ပြောင်သေကျေးရွာအုပ်စုအတွင်းရှိ တောင်သူများ၏ စိုက်ပျိုးမြေဧက(၁၀၀၀)ကျော်မှထွက်ရှိသည့် စိုက်ပျိုးသီးနှံများ ဈေးကွက်သို့အချိန်တိုအတွင်း တင်ပို့ရောင်းချနေပြီဖြစ်ကြောင်း ဖြူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးကျော်မျိုးအောင်ထံမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)