ရေနံချောင်းမြို့နယ်၊ ဖရဲကျွန်းကျေးရွာတွင် အထွက်ကောင်းဆာဖိုးသာနွေစပါး စံပြကွက်(၁၀၀)ဧက စိုက်ပျိုးထုတ်လုပ်မည်

ရေနံချောင်း ဇန်နဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ မာန်မြေကျေးရွာအုပ်စုတွင် နွေစပါးစိုက်ပျိုးရာသီ၌ အထွက်ကောင်းစပါး ဆာဖိုးသာ အကွက်ကျယ် စံပြကွက်(၁၀၀)ဧက စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ပြီး အဆိုပါနွေစပါးဆာဖိုးသာစိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဖရဲကျွန်းကျေးရွာတွင် ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်က စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအတွက် စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ချောက်မြို့နယ် ဂွေးချိုကျေးရွာ၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး သင်တန်းကျောင်းဖွင့်လှစ်မည့်ကိစ္စနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးချေးငွေဆိုင်ရာကိစ္စများပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ဇင်ဦးက အထွက်ကောင်းဆာဖိုးသာစပါးအား နွေစပါးတစ်ကွင်းတစ်စပ်တည်း စိုက်ပျိုးရန်နှင့် ၂၀၂၄-၂၀၂၅ ခုနှစ် ဧပြီလကုန်မတိုင်မီ ကျေးရွာအုပ်စုများရှိ တောင်သူတစ်ဦးချင်းအား(မိုး၊ ဆောင်း၊ နွေ)စီမံကိန်းဝင်စိုက်ပျိုးသီးနှံနှင့် သီးထပ်စွမ်းအားပြည့်မီရေး တာဝန်ပေးအပ်နိုင်ရေးနှင့် စိုက်ဧကပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေးဆွေးနွေးပြောကြားသည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်က ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ သတင်းတု/သတင်းမှားများနှင့်ပတ်သက်သည့် ကိစ္စရပ်များကိုလည်းကောင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနအလိုက်လုပ်ငန်းဆောင်ရွက်မှုများကိုလည်းကောင်း ရှင်းလင်းပြောကြားရာ တက်ရောက်လာသည့် အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများက လိုအပ်သည်များကို တင်ပြဆွေးနွေးကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ခရိုင်ဦးစီးမှူးဦးသောင်းနိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်