ခန္တီးမြို့တွင် နာဂရိုးရာနှစ်သစ်ကူးပွဲတော် ကွင်းပိတ်ပွဲအခမ်းအနားပြုလုပ်

ခန္တီး ဇန်နဝါရီ ၂၈

 စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယမန်နေ့နံနက် ၉ နာရီအချိန်က နာဂရိုးရာနှစ်သစ်ကူးပွဲတော် ကွင်းပိတ်ပွဲအခမ်းအနားအား ခန္တီးမြို့ဇီးဖြူကုန်းရပ်ကွက်ရှိ နာဂရိုးရာကွင်းအတွင်း ပြုလုပ်ခဲ့သည်။

 ရှေးဦးစွာ စစ်ဗျူဟာ(အခြေချ)ခန္တီး စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမြင့်မောင်မောင်နှင့်  ခန္တီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးတို့က အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှ ဗဟိုကော်မတီဥက္ကဋ္ဌဦးအောင်ထွဋ်က နာဂရိုးရာနှစ်သစ်ကူး ဆုတောင်းစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာသည့်ဧည့်သည်တော်များနှင့် နာဂရိုးရာအကြီးအကဲများက ရိုးရာအထိမ်းအမှတ် ပန်တုံးအားတီးခေါက်ခဲ့ကြသည်။ ထို့နောက် ကြွရောက်လာကြသည့် ဧည့်ပရိသတ်များအား ရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံခြင်း၊ ရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေခြင်း၊ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်‌ဖြေခြင်းများ ပြုလုပ်ခဲ့ကြသည်။

နာဂရိုးရာနှစ်သစ်ကူးပွဲတော်သည် နှစ်စဉ် ဇန်နဝါရီလ(၁၅)ရက်နေ့တွင် ကျရောက်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် လဟယ်၊ လေရှီး၊ နန်းယွန်း မြို့နယ်များတွင် ပွဲတော်အားအလှည့်ကျကျင်းပရာ ယခုနှစ်သည် လေရှီးမြို့နယ်တွင်ကျင်းပပြီး ရိုးရာနှစ်သစ်ကူးလ ကွင်းပိတ်ပွဲအဖြစ် ခန္တီးမြို့နယ်တွင် ကျင်းပြခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)