ဧရာဝတီတိုင်းဒေသကြီးအတွင်း လေပြင်းဒဏ်ခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေရေးအတွက် အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်

ပုသိမ် ဇန်နဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၀)မြို့နယ်တွင် လေပြင်းဒဏ်ပိုမိုခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေရေး အားဖြည့်၊ မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများ အရှန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများသို့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့်ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

၂၀၂၃-ခုနှစ်အတွင်း တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၈)မြို့နယ်တွင် လေပြင်းဒဏ်ပိုမိုခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေရေးအတွက် အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ အိမ်ခြေတစ်လုံးလျှင် (၄၅၀၀၀)ကျပ်နှုန်းဖြင့် မြို့နယ်(၈)မြို့နယ်မှ နေအိမ်အရေအတွက် (၂၄၀၀)ကို ကုန်ကျမှု တန်ဘိုးငွေကျပ်(၁၀၈)သန်းခန့် အကုန်အကျခံ၍ မွမ်းမံပြင်ဆင်ပေးနိုင်ခဲ့သည်။ ၂၀၂၄-ခုနှစ်တွင်လည်း တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၀)မြို့နယ်မှ အိမ်ခြေတစ်လုံးလျှင်(၄၅၀၀၀)ကျပ်နှုန်းဖြင့် နေအိမ်အရေအတွက် (၃၀၀၀)ခန့်ကို အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ်(၁၃၅)သန်းခန့်ကုန်ကျခံ၍ မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းအားဖြင့် ပြည်သူများ လေပြင်းဘေး အန္တရာယ်ကို အလေးထား သရှိနားလည်လာခြင်း၊ ဘေးအန္တရာယ်ကာကွယ်ရန် အိမ်ထောင်စု (၁)စုချင်းအလိုက် ရပ်ရွာလူထုနှင့် ပူးပေါင်းဆောင်ရွက်တတ်လာခြင်း၊မိမိတို့၏ နေအိမ်များအား ဘေးဒဏ်ခံနိုင်သည့် နေအိမ်များဖြစ်လာစေရန် ဆောင်ရွက်ရမည့်အချက်များအား သိရှိနည်းလည်လာခြင်း၊ နှစ်စဉ်ရင်ဆိုင်နေရသော လေပြင်းဘေးဒဏ်အား ကာကွယ်နိုင်သည့်အတွက် လေပြင်းဘေးဒဏ်ခံနိုင်ရည်ရှိသော ရပ်ရွာအသိုက်အဝန်းတစ်ခုဖြစ်ပေါ်စေရန်ရည်ရွယ်၍ ယခုလို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးဘေးအန္တရာယ်စီမံခန်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးမင်းသိန်းထံမှ သိရသည်။

၂၀၂၄- ခုနှစ်တွင် တိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ဝါးခယ်မ၊ ဟင်္သာတ၊ ဇလွန်၊ အင်္ဂပူ၊ မအူပင်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်(၁၀)မြို့နယ်တွင် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာမြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ စာရင်းကောက်ယူထားသည့် အိမ်ခြေ(၃၀၀၀)ကို ၂၀၂၄-ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့မှ စတင်ကာ တိုင်းဒေသကြီးဦးစီးမှူးနှင့်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်ဟန်(ပြန်/ဆက်)