ဘားအံ ဇန်နဝါရီ ၂၇
ကရင်ပြည်နယ်၏ မြို့တော်ဘားအံမြို့အား မြို့တော်အင်္ဂါရပ်များနှင့် အညီ သန့်ရှင်းသာယာလှပသော အစိမ်းရောင်မြို့တော်ဖြစ်စေရေး၊ ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးတို့အတွက် ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက် နေ ပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ကြရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၈) မူလတန်းကျောင်းနှင့် အမှတ်(၈) မူလတန်းကျောင်းတို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ ယာဉ်၊ ယန္တရားများ အသုံးပြုပြီး ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပလတ် စတစ်နှင့် စွန့်ပစ်ပစ္စည်းအမှိုက်သရိုက်များ သိမ်းဆည်းခြင်း အစရှိသော စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါကျောင်းများတွင် ကစားကွင်း၊ ဆရာ၊ ဆရာမနေအိမ်၊ စာသင်ခန်း၊ စာသင်ဆောင်၊ ပရိဘောဂနှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိ/မရှိ ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
ယနေ့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် အခြေခံပညာကျောင်း(၅)ကျောင်း၌ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသားမိဘများနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၁၀၀၀ ကျော်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘားအံပညာရေးဒီဂရီကောလိပ်၏ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီက အဆိုပါဒီဂရီ ကောလိပ်သီရိခန်းမ၌ ကျင်းပသည်။
ပြိုင်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နိုင်ငံတော်၏တာဝန်များကို ပခုံးပြောင်း တာဝန်ယူရမည့် လူငယ်များအနေဖြင့် ပြည်ထောင်စုနေ့အမျိုးသားရေး ဦးတည်ချက်များကို နာလည် လက်ခံသဘောပေါက်ကြပြီး နိုင်ငံတော်အပေါ် သစ္စာရှိရှိနှင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရ မည်ဖြစ်ကြောင်း၊ ပညာရေးလောကကို တာဝန်ယူတည်ဆောက်ကြရမည့် ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ သွေးစည်းညီညွတ်မှု သမိုင်းကြောင်းများကို သေချာစွာလေ့လာမှတ်သားပြီး မျိုးချစ်စိတ်ဓာတ် အပြည့်အဝရှိသော နိုင်ငံ့သားကောင်းများကို လေ့ကျင့်ပျိုးထောင်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဘားအံပညာရေးဒီဂရီကောလိပ် မြန်မာစာဌာနမှ ဒေါ်နီတာသောင်းက ကျပန်းစကား ပြောပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားပြီး ဒိုင်ချုပ်နှင့် အမှတ်ပေးဒိုင်များ နေရာယူ၍ ပြိုင်ပွဲအားစတင်ကျင်းပရာ ပြိုင်ပွဲဝင်များက ပြည်ထောင်စု ဆိုသည်မှာ၊ သွေးချင်းတို့ ဆုံရာ ပြည်မြန်မာ၊ သွေးစည်းချစ်ကြည် ဖွံ့ဖြိုးဝေစည် မြန်မာပြည်၊ နှီးဒေါင်းလန်းကြီးတေးသီဆို၊ ငြိမ်းချမ်းတေးသီ ခေတ်သစ်ဆီ ခေါင်းစဉ်များဖြင့် ကျရာခေါင်းစဉ်ကို မဲနှိုက်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲအပြီးတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားမှူး က ဘားအံပညာရေး ဒီဂရီကောလိပ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျင်းပခဲ့ သော ပြိုင်ပွဲများတွင် ဆုရရှိသူများ၏ အမည်များအား ကြေညာခဲ့သည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်တို့က (၇၇)နှစ် မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ တို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘားအံပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူ၊ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေး စကားများ ပြောကြားခဲ့သည်။ အလားတူ ကရင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ပြည်နယ်မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီတို့၏ (၁/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ ရေးကော်မတီများ၏ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လယ်ယာမြေနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို စနစ်တကျစီမံခန့်ခွဲနိုင်မှု အားနည်းခဲ့သည့်အတွက် ထိခိုက်နစ်နာဆုံးရှုံးမှုများ၊ မြေယာအမှုအခင်းများဖြစ်ပေါ်လျက်ရှိပြီး စနစ်တကျ စီမံခန့်ခွဲနိုင်မှသာ နိုင်ငံ၏အကျိုးစီးပွားဖွံ့ဖြိုး တိုးတက်မှုကိစ္စရပ်များတွင် အကျိုးသက်ရောက်မှုရှိနိုင်မည်ဖြစ်ကာ ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးအဆင့်ဆင့် တာဝန်ယူ ရသည့်ပုဂ္ဂိုလ်များအနေဖြင့် အချိတ်အဆက်မိမိဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ထိရောက်စွာ စီမံခန့်ခွဲနိုင်မည်ဖြစ်ပြီး လိုအပ်သည့်အကြံပြုချက်များပေးနိုင်ရေး ပါဝင်ပူးပေါင်းဆွေးနွေးပေးကြစေ လို ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီများ၏ အတွင်းရေးမှူး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးဇော်မိုးအောင်က လယ်ယာမြေစီမံခန့်ခွဲရေးကိစ္စရပ်များနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကိစ္စရပ်များအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ကော်မတီဝင် များက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြကာ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီများ၏ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)