ပုသိမ် ဇန်နဝါရီ ၂၇
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး (ဒုတိယအကြိမ်) အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ပညာရေးမှူးများနှင့် Grade-12 သင်ကြားနေသည့်ကျောင်းသားများရှိသော အခြေခံပညာအထက်တန်းကျောင်း၊ အထက်တန်းကျောင်းခွဲများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုနှစ်သည် တက္ကသိုလ်ဝင်စာမေးပွဲစနစ်သစ် Grade-12 စာမေးပွဲအားဖြေဆိုရမည်ဖြစ်ပြီး ယခင်နှစ်ကအကြောင်းကြောင်းကြောင့် မဖြေဆိုဖြစ်ခဲ့သူများ၊ ကျရှုံးခဲ့သူများသည်လည်း စနစ်သစ်ဖြင့်ပြန်လည် ဖြေဆိုခွင့်ပြုထားပါကြောင်း၊ မိမိတို့အနေဖြင့် တက္ကသိုလ်စာမေးပွဲတွင် အောင်ချက်မြင့်မားစေရေးအတွက် နှစ်စဉ်အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် ပိုမိုအချိန်ယူပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှု၊ အတန်းစဉ်ကူးပြောင်းမှုနှင့် အောင်ချက်မြင့်မားသော တိုင်းဒေသကြီးဖြစ်ပြီး ပညာရေးကဏ္ဍ တိုးတက်မြင့်မားကာ လူ့စွမ်းအားအရင်းအမြစ်များစွာ မွေးထုတ်ရာ တိုင်းဒေသကြီးလည်းဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်များသည်လည်း တိုင်းဒေသကြီးအနေဖြင့် တစ်နှစ်ထက်တစ်နှစ် မြင့်မားလာပါကြောင်း၊ ယခုနှစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်မြင့်မားလာစေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ပညာရေးတိုးတက်အားကောင်းသည့် တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ ပညာသင်ယူမှု အခွင့်အလမ်းများ မဆုံးရှုံးစေရန် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ အတန်းစဉ်ကူးပြောင်းမှုများကိုလည်း ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ယနေ့ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျောင်းအုပ်ကြီးများကလည်း ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲစနစ်သစ် Grade-12 စာမေးပွဲအောင်ချက် မြင့်မားရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်း အစီအစဉ် (၂၄) ချက်နှင့် တက္ကသိုလ်ဝင်စာမေးပွဲ (ပြင်ပဖြေ) များအား အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းအစီအစဉ် (၁၁)ချက်အား အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်နှင့် ယခုဆွေးနွေးပွဲတွင်လည်း အကြံကောင်း ဉာဏ်ကောင်းများဖြင့် အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း အမှာစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်၊ မြို့နယ်များအလိုက် ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချင်မြင့်မားရေးဆောင်ရွက်နေမှု အခြေအနေများအတွက် ဆွေးနွေးခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကာ ဆရာကြီး၊ ဆရာမကြီးများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ယခုလ(၂၆)ရက်နေ့မှ (၂၇)ရက်နေ့အထိနှစ်ရက်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး (၂၆)ရက်နေ့တွင် ဟင်္သာတ၊ မြန်အောင်၊ မအူပင်၊ ဖျာပုံခရိုင်များမှ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီး(၃၆၇)ဦး တက်ရောက်ခဲ့ပြီး (၂၇) ရက်နေ့တွင် ပုသိမ်၊ ကျုံပျော်၊ မြောင်းမြ၊ လပွတ္တာ ခရိုင်များမှ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီး(၃၄၅)ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)