ဝန်းသို အောက်တိုဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်အတွင်း ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့ ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲနေ့တွင် မဲရုံသို့လာရောက်မဲပေးနိုင်ခြင်းမရှိသော မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် ယနေ့ နံနက်ပိုင်းအချိန်မှစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲရုံး များ၌ ကြိုတင်ဆန္ဒမဲပေးနေကြပြီဖြစ်ကြောင်း သိရသည်။
ကြိုတင်ဆန္ဒမဲပေးရာတွင် ကြိုတင်ဆန္ဒမဲပေးရန် အကျုံးဝင်သည့် မဲဆန္ဒရှင်ပြည်သူများ၊ ကန့်သတ်စောင့်ကြည့်ထားရှိသည့်နေရာ( Quarantine Centre) များတွင် ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေရသည့် မဲဆန္ဒရှင်ပြည်သူများ၊ အသက် ၆၀နှစ်နှင့် အထက်အသက်အရွယ်ကြီးရင့်သူ မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးနိုင်သည့်အခွင့်အရေး မဆုံးရှုံးစေရန်အလို့ငှာ ကြိုတင်ဆန္ဒမဲပေးခြင်းကို သတ်မှတ်နေရာ များအလိုက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးနှင့် နေအိမ်များတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး အတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ စနစ် တကျစီစဉ် ဆောင်ရွက် လျက်ရှိသည်။
ဝန်းသိုမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ၄၂အုပ်စုရှိ၍ မဲရုံပေါင်း ၅၃ ရုံရှိပြီး ဒုတိယအကြိမ် မဲစာရင်းကြေညာချက်အရ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူပေါင်း ငါးသောင်းငါးထောင့်ခြောက်ရာကျော်ရှိကာ ကြိုတင် ဆန္ဒမဲပေးခြင်းလုပ်ငန်းကို အောက်တိုဘာ ၂၉ ရက်မှစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့်အညီ ဘေး ကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေးစီစဉ်ဆောင်ရွက်ထားရှိကြောင်းသိရသည်။
ကျော်မြိုင် (ပြန်/ဆက်)