လိပ်သိုမြို့တွင် တိုင်းရင်းသားစာပေဆရာဖြစ်သင်ကြားခြင်း (ဆင့်ပွား)သင်တန်းပိတ်ပွဲ အခမ်းအနားပြုလုပ်

လိပ်သို ဇန်နဝါရီ ၂၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ဂေဘားကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့မှ ဦးစီးပြုလုပ်သော တိုင်းရင်းသားစာပေသင်ကြားခြင်း ဆရာဖြစ်သင်တန်း(ဆင့်ပွား) သင်တန်းပိတ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁:၀၀)နာရီက လိပ်သိုမြို့ကက်သလစ်ဓမ္မရုံ၌ပြုလုပ်ရာ ဂေဘားကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသောဌာနဆိုင်ရာများ၊ နည်းပြဆရာမများ၊ သင်တန်းသား ဆရာ/မများစုံညီစွာ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားမစတင်မီ သင်တန်းသား ဆရာ/မများက ဂေဘားကရင် တိုင်းရင်းသား တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြပြီး ဘုန်းတော်ကြီး Fr.ဝင်းဦး၏ အဖွင့်ဆုတောင်းခြင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် ဂေဘားကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့၏ နာယက ဦးစောဂျေအေဝင်းမြင့်၊ လိပ်သိုမြို့အုပ်ချုပ်ရေးမှူး၊ အသင်း၏ နာယက အဖွဲ့ဝင်များက အသီးသီးအမှာစကား ပြောကြားခဲ့ပြီး ဂေဘားကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း ဒု-ဉက္ကဋ္ဌ ဆရာမကြီး ဒေါ်နော်မေးလ်ထာက ဧည့်သည်တော်များ၊ နည်းပြဆရာ/မများ၊ သင်တန်းသား ဆရာ/မများနှင့် တာဝန်ရှိသူ အသီးသီးတို့အား ကျေးဇူးတင် စကားပြန်လည် ပြောကြားခဲ့သည်။

သင်တန်းကို ဇန်နဝါရီလ(၂၂)ရက်နေ့မှ (၂၆)ရက်နေ့အထိ (၅)ရက်တာ သင်ကြားပို့ချခဲ့ပြီး သင်တန်းသို့ ကျေးရွာအသီးသီးမှ သင်တန်းသား ဆရာ/မ(၉၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)