ပခုက္ကူ ဇန်နဝါရီ ၂၇
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ (အမျိုးသား)ဘောလုံးအားကစားပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ဘောလုံးအားကစားကွင်းတွင် ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းအိ(စီမံ)က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်လာစေရန်၊ အားကစားသမားများ အချင်းချင်း ချစ်ခင်ရင်းနှီးမှုပိုမိုရရှိစေရန်၊ ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းချက်များနှင့်အညီ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ကစားတတ်စေရန်၊ ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်က အားထားရမည့် ထူးချွန်ထက်မြက်သောမျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်တို့အတွက် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ဘောလုံးအားကစားပြိုင်ပွဲ ပထမပွဲစဉ်အဖြစ် ညွှန့်ပေါင်း(ဂ)အသင်းနှင့် ဘူမိဗေဒဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဘူမိဗေဒဌာနအသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိသည်။ အဆိုပါပြိုင်ပွဲတွင် ပခုက္ကူတက္ကသိုလ်၊ အထူးပြုဘာသာရပ်ပေါင်းစုံမှ ဘောလုံးအသင်းလေးသင်း ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)