သာယာဝတီမြို့နယ်၌ ပြည်တွင်းကြိုတင်ဆန္ဒမဲပုံးများအား စစ်ဆေး၍ မဲလုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်း၊ ကြိုတင်မဲများအား ပုံးထဲသို့ ထည့်ခြင်းဆောင်ရွက်

သာယာဝတီ အောက်တိုဘာ   ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင်  ကျင်းပပြုလုပ်မည့်  ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး အတွက် ကြိုတင်ဆန္ဒမဲပုံးများအား စစ်ဆေး၍  လုံခြုံရေး ကြိုးများဖြင့် ချိတ်ပိတ်ခြင်းနှင့် မဲဆန္ဒ နယ်ပြင်ပ​ရောက် ပြည်တွင်း ကြိုတင်မဲများအား ကြိုတင်မဲပုံးထဲသို့ထည့်ခြင်းကို  ယနေ့ နေ့လယ် ၁ နာရီက  ကျင်းပပြုလုပ်ခဲ့​ရာ မြို့နယ်​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးခင်မောင်သင်နှင့် အဖွဲ့အဝင်များ၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ယင်းသို့ ဆောင်ရွက်ရာတွင်   မြို့နယ်ရွေးကောက်ပွဲ  ကော်မရှင်အဖွဲ့ခွဲ    ဥက္ကဋ္ဌ ဦးခင်မောင်သင်က ပြည်တွင်း၊ ပြည်ပမှ  ကြိုတင်မဲရောက်ရှိပါက စနစ်တကျထားရှိ ဆောင်ရွက်မည့် အစီအစဉ်များကို ညှိနှိုင်း ဆွေးနွေးခဲ့သည်။ ထို့နောက်နိုင်ငံရေး ပါတီကိုယ်စားလှယ်များက  ကြိုတင်မဲပုံး လုံခြုံရေးကြိုး ၏ ကုဒ်နံပါတ်ကို စစ်ဆေး မှတ်တမ်း တင်ကြပြီး  မဲပုံးများချိတ်ပိတ်ခြင်းကို  မြို့နယ်ကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများက နိုင်ငံရေး ပါတီ ကိုယ်စားလှယ်များ၏ရှေ့မှောက်တွင် ချိတ်ပိတ်တပ်ဆင်ခဲ့သည်။

ထို့နောက် နိုင်ငံရေးပါတီကိုယ်စားလှယ်များ​ ရှေ့​မှောက်တွင် မဲဆန္ဒနယ်ပြင်ပရောက် ပြည်တွင်းကြိုတင်မဲစာအိတ်များအား  ကြိုတင်မဲပုံထဲသို့ထည့်ခြင်း တို့ကို ​ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သန့်ဇော်(သာယာဝတီ)