ဖြူးမြို့နယ်အတွင်း နွေစပါးပန်းတိုင်အထွက်နှုန်းတိုးရေး စိုက်ဧက (၁၇၃၈၉)ဧက စိုက်ပျိုးရန်လျာထား

ဖြူး ဇန်နဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ နွေစပါးပန်းတိုင် အထွက်နှုန်းတိုးရေး စိုက်ဧက(၁၇၃၈၉)ဧက စိုက်ပျိုးရန်လျာထားကြောင်း ​မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

ဖြူးမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးနိုင်ရေးဒေသလျာထားမှုတွင် အင်းအိုင်ရေဖြင့် (၄၀၉) ဧက၊ ချောင်းပိတ်ရေဖြင့် (၃၅၅၃)ဧက၊ ဆည်ရေဖြင့် (၁၃၄၂၇)ဧကရှိပြီး အဓိကစိုက်ပျိုးသော စပါးမျိုးများမှာ ဗီယက်နမ်မျိုး၊ ဆင်းသုခမျိုး၊ နှံကောက်မျိုး၊ ရက်(၉၀)မျိုးများ ဖြစ်ကြောင်းသိရသည်။ ယခုကာလတွင် ဖြူးချောင်းရေလှောင်တမံမှ နွေစပါးစိုက်ပျိုးနိုင်ရေး ရေပေးဝေနေလျက်ရှိပြီး နွေစပါးစိုက်တောင်သူလယ်သမားများအနေဖြင့် လည်းစတင်ထွန်ယက်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း ယခင်နှစ်နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် (၁၅၂၂၈)ဧကလျာထားပြီး အမှန်စိုက်ပျိုးနိုင်မှုမှာ (၁၇၃၈၉)ဧကရှိသဖြင့် လျာထားမှုဧကထက်ကျော်လွန်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)