ပဲခူး ဇန်နဝါရီ ၂၇
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇန်နဝါရီလ(၂၇)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့နယ် ရေဘေးသင့်အိမ်ထောင်စုများတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ငွေသားနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နိုင်ငံအတွင်း လူသားခြင်းစာနာထောက်ထားမှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ကြက်ခြေနီအခြေခံမူ(၇)ချက်နှင့်အညီ ကြက်ခြေနီဥပဒေဖြင့် ဖွဲ့စည်းထားသော အသင်းကြီးတစ်ခုဖြစ်ပြီးဘေးတုံ့ပြန်ရေးနှင့် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို အမြဲတက်ကြွစွာ လူထုကိုဦးဆောင်ကူညီပေးနေသည့်အတွက် ဦးစွာဂုဏ်ပြုစကား ပြောကြားလိုကြောင်း၊ ပဲခူးမြို့တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော ရေကြီးမှုအန္တရာယ်သည် နှစ်ပေါင်း(၈၀)ကျော်အတွင်း အကြီးမားဆုံး ရေကြီးရေလျှံမှုတစ်ခုဖြစ်ခဲ့ကာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန်ရေးလုပ်ငန်းများကို ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ စနစ်တကျဆောင်ရွက်နိုင်ခဲ့သည့်အပြင် ရေးဘေးခံစားခဲ့ရသည့် အိမ်ထောင်စုများအတွက် ငွေသားနှင့် အိမ်ထောင်စု တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်မည့် အစီအစဉ်အပေါ်များစွာ ကျေးဇူးတင်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လူမှုကရုဏာလုပ်ငန်းများနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေး လုပ်ငန်းများအား ယခုထက်ပိုမို စနစ်ကျစွာပူးပေါင်းပါဝင် ထမ်းရွက်နိုင်ကြပါစေကြောင်း နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ၊ ပါမောက္ခဒေါက်တာမျိုးညွန့်က မြန်မာနိုင်ငံကြက်ခြေနီမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားပေးနေမှုနှင့် ကြက်ခြေနီအသင်းဌာနချုပ်မှ အရေးပေါ်အခြေအနေဖြစ်လာတိုင်း ရန်ပုံငွေအဆင်သင့်ဖြစ်စေရေးနိုင်ငံတကာ မိတ်ဖက်ကြက်ခြေနီအသင်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရေးဘေးသင့် ပဲခူးမြို့ပေါ်(၅)ရပ်ကွက်ဖြစ်သည့် မြို့သစ်ရပ်ကွက်၊ ရွာသစ်ရပ်ကွက်၊ ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်၊ ကျောက်ကြီးစုရပ်ကွက်နှင့် ကလျာဏီရပ်ကွက်တို့ရှိ အိမ်ထောင်စုများအတွက်လည်းကောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်က ရေဘေးသင့်ကျေးရွာများဖြစ်သည့် အောက်စည်တီးအနောက်ကျေးရွာ၊ ကင်းချောင်းကျေးရွာ၊ လက်ပံခုံကျေးရွာ၊ အထက်ဇိုင်းဂနိုင်းကြီးကျေးရွာ၊ အုတ်ဖိုကျေးရွာနှင့် ကွေ့တန်းရှည် ကျေးရွာများရှိ အိမ်ထောင်စုများအတွက်လည်းကောင်း အိမ်ထောင်စုတစ်ခုလျှင် ငွေကျပ်(၂၅၀၀၀ဝိ/-)နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာဝင်းက ရေဘေးဖြစ်ပွားသည့် ဒေသများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ (၁၀)ရာခိုင်နှုန်းသာ ထောက်ပံ့ပေးခြင်းဖြစ်ပြီး ထောက်ပံ့မှုများဆောင်ရွက်ရာတွင် ရေဘေးသင့်အိမ်ထောင်စုများတွင် မသန်စွမ်းသူများရှိခြင်း၊ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများရှိခြင်း၊ ကိုယ်ဝန်ဆောင်နှင့် မွေးကင်းစကလေးငယ်များရှိခြင်းနှင့် အမြဲတမ်းလစာမရရှိခြင်းစသည့် အချက်များအပေါ် အခြေခံ၍ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခဲ့ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသည့် မြို့ပေါ်ရပ်ကွက်(၅)ခု၊ ကျေးရွာ(၆)ရွာရှိ ရေဘေးသင့်အိမ်ထောင်စု(၁၄၂၄)စုအတွက် ထောက်ပံ့ပေးအပ်ရခြင်းအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေဘေးသင့်အိမ်ထောင်စုများတွက် ထောက်ပံ့ ပေးအပ်သည့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး တက်ရောက်လာသည့် ရေဘေးသင့်အိမ်ထောင်စုများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)