ဖျာပုံ ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပူးပေါင်း၍ စာပေကို ချစ်မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စမ်းစမ်းအေးက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (BookClub)ဥက္ကဋ္ဌ စာရေးဆရာ ကဗျာဆရာဇေယျာဘုန်းမြင့်က ကိုယ်တိုင်ရေး သုတ၊ရသ၊ ကဗျာများအား အသိပညာပေး ဆွေးနွေးပြောကြားသည်။ ထို့နောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက ဆရာကြီး ဦးကျော်မြင့် စာရေးဆရာ(မောင်ယဥ်မိုး)က စာရေးဆရာ အောင်သင်း ရေးသားသော လှလိုက်တာနော်နှင့် ရသစာတမ်းငယ်များ စာအုပ်မှ "စာပေအတွေး၊ အတွေးစာပေကဏ္ဍမှ ကဗျာလမ်း"ရသစာတမ်းအား ရှင်းလင်းဆွေးနွေးပြောကြားပြီး၊ အငြိမ်းစားကျောင်းဆရာကြီး ဦးကျင်မြင့်၊
ရှေ့နေ ဦးဝေဇင်၊ စာရေးဆရာတင်နိုင်ဝင်း (ထမင်းစျေး)တို့က အသီးသီး ဖြည့်စွက်ဆွေးနွေး ပြောကြားကြသည်။ ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေဝါသနာရှင်များက သိရှိလိုသည်များအား အသီးသီး ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)