မြောင်းမြ ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲအား ငါးမြင်းချောင်းရွာ၊ သုခီတာရုံကျောင်း ဆရာတော် ဦးဝိစိတ္တ၏ စီစဉ်မှုဖြင့် ဆရာတော်အား အမှူးထား၍ (၇၇) ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို အ.ထ.က ငါးမြင်းချောင်း (တူး) ကျောင်း၊ သဇင်ဆောင်ခန်းမတွင် ယမန်နေ့ နေ့လယ် (၁:၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာပေဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြောင်းမြမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာကြီး ဦးကျင်စိုး (မောင်လှိုင်းသစ်-ချစ်စရာမြေ)က "ဒို့ချစ်သည့်ပြည်ထောင်စု" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက "လူငယ်နှင့် ဇာတိမာန်" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ဆရာဆရာမ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၂၈၀ ဦးခန့်က စိတ်ပါဝင်စားစွာ တက်ရောက်နားထောင်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော နံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)