မော်လမြိုင်ကျွန်းမြို့နယ်၌ အခြေခံလျှပ်စစ်သံဂဟေဆက်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

မော်လမြိုင်ကျွန်း ဇန်နဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံလျှပ်စစ်သံဂဟေဆက်သင်တန်းဆင်းပွဲ အခမ်းအနားကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က အဖွင့်အမှာစကား ပြောကြားရာတွင် သင်တန်းသားများအနေဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံလျှပ်စစ်သံဂဟေဆက်သင်တန်းကို တက်မြောက်ပြီးပါက တက်နိုင်သည့်အထိ ဆက်လက်လေ့လာစေလိုကြောင်း၊ သင်တန်းပြီးမြောက်ပါက မိသားစု တစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြင့် ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးအောင်ဖြိုးက အခြေခံလျှပ်စစ်သံဂဟေ ဆက်သင်တန်း ဖွင့်လှစ်ပေးရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ထူးချွန်သော သင်တန်သားများကို ဆုလက်ဆောင်များ၊ သင်တန်းဆင်းလက်မှတ်များကို ချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးအောင်ဖြိုး၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်သွင်၊ မြို့နယ်ကျေးလတ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးခန့်ဇင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)