မြို့သစ် ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ဆင်ဖြူချီကျေးရွာတွင် မေမြို့ပန်း စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ နေ့စဉ်ပုံမှန် ဝင်ငွေရရှိလျက်ရှိကြောင်း ပန်းစိုက်တောင်သူများထံမှ သိရသည်။
မြို့သစ်မြို့နယ် ဆင်ဖြူချီကျေးရွာမှ တောင်သူများအနေဖြင့် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိကြပြီး မေမြို့ပန်းလည်း စိုက်ပျိုးအောင်မြင်ကာ ပန်းများကို မြို့သစ်မြို့မစျေးသို့ တင်ပို့ရောင်းချကြောင်း သိရသည်။
မေမြို့ပန်းစိုက်ပျိုးရာတွင် နွေ၊မိုး၊ဆောင်း ရာသီမရွေး ရေလောင်းစိုက်ပျိုးနိုင်ကာ မြေဆီမြေသြဇာကိုလည်း အပြင်က ဝယ်ယူစရာမလိုဘဲ မိမိတို့အိမ်တွင် မွေးမြူထားသော နွားချေး၊ မန်ကျီးရွက်၊ မြေဆွေးများဖြင့် ရောစပ်စိုက်ပျိုးနိုင်ပြီး ယခုဆိုလျှင် မေမြို့ပန်း တစ်နေ့ရောင်းချ၍ ရသောငွေမှာ (၁၅၀၀၀)နှင့် ( ၂၀၀၀၀)ထိ ရရှိပြီး စျေးကို သွားရောက်ကာ ရောင်းချရန်မလိုဘဲ မိမိစိုက်ခင်းသို့ လာရောက်ဝယ်ယူကြောင်း မေမြို့ပန်းစိုက်ပျိုးသူထံမှ သိရသည်။
သန်းဝင်းထွန်း ( ပြန်/ဆက်)