ဒေးဒရဲ ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးပြီး မီးလောင်မှုကြောင့် ပြည်သူများအသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းလုပ်ငန်းများကို ယနေ့မွန်းလွဲ(၂)နာရီက မငေးကြီးကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုးက ကျေးရွာနေပြည်သူများအား မီးလောင်မှုဖြစ်ပွားနိုင်သည့် အခြေခံအကြောင်အရင်းများ၊ မီးလောင်မှုဖြစ်ပွားလာပါက ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ မီးဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟန်ဝင်းစိုး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များက ကျေးရွာမီးဘေးလုံခြုံရေး တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေးခြင်း၊ ရေသိုလှောင်ထားရှိမှု၊ မီးချိတ်မီးကတ်နှင့် သဲပုံး၊ ရေပုံးများအိမ်တိုင်းထားရှိရေး၊ နေအိမ်များတွင် ချက်ပြုတ်သည့် နေရာများစစ်ဆေး၍ လိုအပ်ချက်များ အကြုံပြုဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ လိုက်နာရမည့်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေးဆော်သြခြင်းနှင့် ပြည်သူများပါဝင်သော မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းများကို ပြည်သူ့အကျိုးပြုလုပ်ငန်းများအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေဇာလင်း