စစ်ကိုင်းမြို့တွင် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် တန်ဖိုးသင့်စားသောက်ကုန်များ ရောင်းချပေး

စစ်ကိုင်း ဇန်နဝါရီ ၂၇

စစ်ကိုင်းမြို့တွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၇)နာရီက ဧရာဝတီကမ်းနားလမ်းရှိ အောင်မြေလောက စေတီတော်မြတ်ကြီးပရဝုဏ် အတွင်းနှင့် အနီးဝန်းကျင်နေရာများတွင် သန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

သန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေ တာဝန်သိပြည်သူများက ဘုရားစေတီအတွင်းနှင့် အနီးဝန်းကျင်ရှိ ခြုံနွယ် ပိတ်ပေါင်း မြက်များ၊ ရေစီး ရေလာကောင်းမွန်ရေး ရေနုတ်မြောင်းအတွင်းရှိ အမှိုက်သရိုက်များကို ခုတ်ထွင်ဖယ်ရှား ရှင်းလင်းပြီး သက်ဆိုင်ရာ အမှိုက်သိမ်းကားဖြင့် အမှိုက်များ စနစ်တကျ တင်ဆောင်စွန့်ပစ်ခဲ့ကြပြီး စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်ရာသို့ စစ်ကိုင်းခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကာ လိုအပ်သည့် စီမံဆောင်ရွက်မှုများ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြသည်။

စုပေါင်းသန့်ရှင်းရေးအပြီးတွင် သန့်ရှင်းရေးဆောင်ရွက်ကြသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေ ပြည်သူများအား စစ်ကိုင်းမြို့နယ် တန်ဖိုးသင့် စားသောက် ကုန်များ အရောင်းဆိုင်မှ တန်ဖိုးသင့် စားသောက်ကုန် ဆီနှင့်ကြက်ဥများကို ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဇော်မြင့်နိုင်