ပွင့်ဖြူ ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသခံကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်စေရန်နှင့် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုး လုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရွှေလှေကျေးရွာ အုပ်စု၊ ချွန်းစုကျေးရွာ၌ အဋ္ဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါကျေးရွာ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လှကြူနွဲ့ က ချွန်းစုကျေးရွာရှိ စီမံကိန်းအသင်းသား၊ အသင်းသူများကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်ပေးရခြင်၏ ရည်ရွယ်ချက်နှင့် စီမံကိန်းအကျိုးကျေးဇူးများ၊ စီမံကိန်းရန်ပုံငွေ ဖြင့် ဆောင်ရွက်နိုင်မည့် ဝင်ငွေတိုးလုပ်ငန်းများ၊ လိုက်နာရမည့်စီမံကိန်းဆိုင်ရာ စည်းကမ်းချက်များ၊ အတိုးနှုန်းထားများနှင့် ငွေစာရင်းဇယား ပြုစုထိန်းသိမ်းနည်း ဆိုင်ရာများ၊ စီမံကိန်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာစီမံကိန်းလုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များ နှင့် အတူ စီမံကိန်းအသင်းဝင်များထံမှ သတ္တမအကြိမ်မြောက် ထုတ်ချေးပေးထားသည့် စီမံကိန်းချေးငွေ များကို ပြန်လည်ကောက်ခံ၍ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၈၀ ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၁၀၀ ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၃ ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ၁ ဦး၊ စုစုပေါင်း စီမံကိန်းဝင် အသင်းသား၊ အသင်းသူ ၁၈၄ ဦးအတွက် နဝမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ အတိုးအရင်း ငွေကျပ် ၅၅ သန်းအား စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)