ပွင့်ဖြူ ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီး၊ ပွင်ဖြူမြို့နယ်တွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် မိုးသီးနှံရာသီက စိုက်ပျိုးခဲ့သည့် ပဲစင်းငုံစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက ဖြိုင်ဖြိုင်ရိတ်သိမ်းခြွေလှေ့လျက်ရှိကြောင်းသိရပြီး ယခုနှစ်တွင် ပဲစင်းငုံသီးနှံဈေးနှုန်းများ ယခင်နှစ်ကထက်ဈေးကောင်းရရှိသဖြင့် ဒေသခံတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာ၌ ပဲစင်းငုံသီးနှံစိုက်ပျိုးရာတွင် သီးနှံအထွက်နှုန်းကောင်းမွန်သော မုံရွာရွှေဒင်္ဂါး ပဲစင်းငုံတစ်မျိုးတည်းကိုသာ အားထားစိုက်ပျိုးကြကြောင်းသိရပြီး သက်တမ်းရှည်သီးနှံဖြစ်သည့်အတွက် သီးနှံအပိုဝင်ငွေရရှိစေရန် သုံးလပင်ထောင်မြေပဲ၊ နှမ်း၊ ပဲတီစိမ်းစသည့် သီးနှံများဖြင့်တွဲဖက်ကာ သီးထပ်သီးညှပ်အဖြစ် အတန်းလိုက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ နယ်မြေအလိုက် တာဝန်ခံကွင်းဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် စနစ်တကျစိုက်ပျိုးလုပ်ကိုင်ခဲ့သဖြင့် ပဲစင်းငုံသီးနှံစိုက်ခင်းများမှ ဖြစ်ထွန်းအောင်မြင်မှုရှိကြောင်း သိရသည်။
"ကျွန်တော်တို့ဒေသမှာ တောင်သူတွေ အားထားစိုက်ပျိုးခဲ့တဲ့ မိုးသီးနှံပဲစင်းငုံစိုက်ခင်းများ အသီးများရင့်မှည့်လာပြီဖြစ်လို့ ဖြိုင်ဖြိုင်ရိတ်သိမ်းခြွေလှေ့နေကြပါတယ်။ ဒီနှစ်က ပဲစင်းငုံဈေးနှုန်းကလဲ ပြီးခဲ့တဲ့နှစ်ကထက် ဈေးကောင်းရရှိတော့ ပဲစင်းငုံစိုက်ပျိုးတောင်သူတွေ သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိကြပါတယ်။ သီးနှံအထွက်နှုန်းအနေနဲ့ကတော့ တစ်ဧကပျမ်းမျှ(၇)တင်းခွဲနှုန်းလောက် ထွက်ရှိပါတယ်။ လက်ရှိ ရောင်းချနေရတဲ့ ဈေးနှုန်းက ပဲစင်းငုံတစ်တင်းကို ငွေကျပ် ၁၂၀,၀၀၀ ဈေးနဲ့ ရောင်းချနေရပါတယ်" ဟု ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာမှ ဒေသခံတောင်သူ ဦးစိန်ဌေးက ပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး ပဲစင်းငုံသီးနှံဧက ၅၂၃ ဧက လျာထား စိုက်ပျိုးခဲ့ပြီး မြေပြင်စိုက်ပျိုးနိုင်မှုဧက ၈၃၅ ဧက စိုက်ပျိုးနိုင်ခဲ့၍ သတ်မှတ်လျာထားဧကထက် ပိုမိုကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ ပွင့်ဖြူမြို့နယ်၌ ပဲစင်းငုံသီးနှံစိုက်ပျိုးခြင်းကို ရေပုတ်ကြီးကျေးရွာ၊ ကျောင်းကုန်းကြီးကျေးရွာ၊ ရေပုတ်ကလေးကျေးရွာ၊ မဲဇလီကျေးရွာ၊ ကျွဲတံခါးကျေးရွာ၊ ရေယာဉ်ကျေးရွာ၊ ချောင်းဆုံကျေးရွာနှင့် ကန်ရွာကျေးရွာ တို့တွင် ဒေသခံတောင်သူများက နှစ်စဉ်မိုးသီးနှံအဖြစ် အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)