ပွင့်လင်းရာသီကာလ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေးအတွက် အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသ

ပွင့်ဖြူ ဇန်နဝါရီ ၂၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံးဆီဆိုင်များ မီးဘေးလုံခြုံစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အလေးထားလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် ဇန်နဝါရီ ၂၆ ရက်၊ နံနက် ၉ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့နယ် ကုလားကုန်းကျေးရွာရှိ မင်းထက်ကြွယ် စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်ပြီး မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မီးဘေးလုံခြုံရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်နှင့် သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့နယ် ကုလားကုန်းကျေးရွာ၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော မင်းထက်ကြွယ် စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်ပြီးလုပ်ငန်းရှင်နှင့် အရောင်းဝန်ထမ်းများကို တွေ့ဆုံကာ ပွင့်လင်းရာသီချိန် ရောက်ရှိလာပြီဖြစ်၍ စက်သုံးဆီများ ရောင်းချခြင်းနှင့် စက်သုံးဆီတင်ယာဉ်များမှ တစ်ဆင့် ဆီသိုလှောင်ကန်များအတွင်း သိုလှောင်သိမ်းဆည်းခြင်းများပြုလုပ်ရာ၌ မီးဘေးအန္တရာယ် အထူးသတိပြု၍ စနစ်တကျကိုင်တွယ်ထိန်းသိမ်းဆောင်ရွက်ကြရန်၊ မီးဘေးကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများ အသင့်စီစဉ်ထားရှိရန်၊ ရေလှောင်ကန်များတွင် ရေအပြည့်ဖြည့်တင်းထားရှိရန်နှင့် သတ်မှတ်လိုင်စင် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လုပ်ကိုင်ကြရန်စသည့် မီးဘေးလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ရမည့်အချက်များကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်သတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စက်သုံးဆီဆိုင်များတွင် မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိသော မီးငြှိမ်းသတ်ရေးပစ္စည်းများ ပြည့်စုံကောင်းမွန်ခြင်း ရှိ/ မရှိ၊ မီးလောင်လွယ်စေသော လောင်စာများ ရှိ/ မရှိ၊ ဆိုင်ပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်ထားခြင်း ရှိ/မရှိ ၊ စက်သုံးဆီဆိုင်တွင် တပ်ဆင်ထားရှိသော လျှပ်စစ်မီးလိုင်းများ ကြံ့ခိုင်ကောင်းမွန်ခြင်း ရှိ / မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး စက်သုံးဆီအရောင်း ဝန်ထမ်းများအား မီးငြှိမ်းသတ်ပစ္စည်းများ အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်နည်းများကို ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)