တောင်ငူခရိုင် (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

တောင်ငူ ဇန်နဝါရီ ၂၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားထားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပသည်။

စာဖတ်ဝိုင်းတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက (၂)  ဦးမြသိန်းက ဦးဆောင်ဆွေးနွေးပြီး၊  (Book Club) ဥက္ကဋ္ဌ စာရေးဆရာ မောင်ယဥ်ထွေး(တက္ကသိုလ်)က “ပညာတတ်ဖို့ စာဖတ်ရမည်” ခေါင်းစဥ်ပါ အကြောင်းအရာများ၊ အဖွဲ့ဝင် ပန်းချီဆရာ ဦးစိုးမြင့်လေးက “လူငယ်တွေအတွက် လူကြီးတွေပြင်ဆင်သင့်တဲ့အရာများ” ခေါင်းစဥ်ပါအကြောင်းအရာများ၊ အဖွဲ့ဝင် ဦးချစ်ကိုကိုက “ဂုဏ်ယူစရာ ကြိုးစားစရာ” ခေါင်းစဥ်ပါ အကြောင်းအရာများ၊ အဖွဲ့ဝင်ဦးသန့်ဇင်က “အစွမ်းထက်သော သွက်လက်သော ထက်မြက်သော” ခေါင်းစဥ်ပါအကြောင်းအရာများ၊ (Women Club) အဖွဲ့ဝင် ဒေါ်ပွင့်ဖြူစင်သက်က “ သိင်္ဂါလောဝါဒသုတ်လာ မိဘဝတ်၊ သားသမီးဝတ်” ခေါင်းစဥ်ပါ အကြောင်းအရာများနှင့် Youth Club အတွင်းရေးမှူး ဒေါ်သူဇာထွေးက “သိင်္ဂါလောဝါဒသုတ်လာ မိတ်ဆွေဝတ်”ခေါင်းစဥ်ပါ အကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများက ၎င်းတို့၏ အတွေးအမြင်များကို ပြန်လည်ဆွေးနွေးခဲ့ကြရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း  (Book Club) နာယက(၂) ဦးမြသိန်းက  ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးသည်။

တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ခြင်းဖြင့် အသိပညာ ဗဟုသုတ ရရှိစေရန်၊ စာပေချစ်မြတ်နိုးသူများအချင်းချင်း ရင်းနှီးကျွမ်းဝင်မှု ရှိလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဥ်ကျင်းပ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)