တနင်္သာရီ ဇန်နဝါရီ ၂၇
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တနင်္သာရီမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများကို ကျောင်းသား/သူများ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိရှိနိုင်ရန်အတွက် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က တနင်္သာရီမြို့-အခြေခံပညာကျောင်း ပညာရတနာခန်းမအတွင်း အသိပညာပေး ဟောပြောပွဲ ပြုလုပ်ရာ အခမ်းအနားသို့ ကျောင်းအုပ်ဆရာကြီး ဦးအေးနိုင်၊ GRADE-7 နှင့် GRADE-8 မှ အတန်းပိုင်ဆရာမများနှင့် ကျောင်းသား/သူများ(၁၅၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
၎င်းအခမ်းအနားတွင် ရှေးဦးစွာ တနင်္သာရီမြို့-အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီး ဦးအေးနိုင်က အဖွင့်အမှာစကား ပြောကြားပေးသည်။
ဆက်လက်၍ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဦးစီးဌာနမှူးရုံးမှ ဦးစီးမှူး ဦးမြတ်အာကာဇော်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာများကိုလည်းကောင်း၊ အငယ်တန်းစာရေး ဒေါ်သဉ္ဇာဝင်းက ရေဘေးဆိုင်ရာ အကြောင်းအရာမျာနှင့် ဒေါ်ယဉ်ယဉ်ထွေးက လေပြင်းဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း အသိပညာပေး ဆွေးနွေးပေးကြပြီး ကျောင်းသား/သူများအား ပြန်လည်ဆန်းစစ်မေးမြန်း၍ သိလိုသည်များ ထပ်မံဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဦးစီးဌာနမှူးရုံးမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက ပညာပေးလက်ကမ်းစာစောင်(၁၅၀)ကို ကျောင်းသား/သူများအား ဖြန့်ဝေပေးပြီး၊ မှင်တံ(၁၅၀)ချောင်း၊ ဗလာစာအုပ်(၂) ဒါဇင်နှင့် အလျား(၅)ပေ-အနံ(၄)ပေအရွယ် သဘာဝဘေးဆိုင်ရာ ပညာပေး ဗွီနိုင်းပိုစတာတို့ကို ထောက်ပံ့ပေးအပ်ရာ အတန်းပိုင် ဆရာမနှစ်ဦးတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)