ဘားအံ ဇန်နဝါရီ ၂၇
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခြေခံပညာအဆင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြသည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၅၃ ဦး၊ ကဗျာပြိုင်ပွဲတွင် ၁၁ ဦး၊ ပန်းချီပြိုင်ပွဲတွင် ၅၂ ဦး၊ ကျပန်းစကားပြော ပြိုင်ပွဲတွင် ၅ ဦး စုစုပေါင်း ၁၂၁ ဦးက သတ်မှတ်ခေါင်းစဉ်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြကာ အဆိုပါပြိုင်ပွဲတွင် ဆုရရှိသူများအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် တွင်ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ၁၃၀ ပေ x ၃၀ ပေ RCC နှစ်ထပ်စာသင်ဆောင် တည်ဆောက်ရေးလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ယူတည်ဆောက်သည့် ကုမ္ပဏီနှင့် ပြည်နယ်ပညာရေးမှူးတို့က လုပ်ငန်းအားလုံး၏ ၇၈ ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့် ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ဘားအံ) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်ဝင်ခွင့်ရကျောင်းသား/သူများအား မောင်မယ်သစ်လွင် ကြိုဆိုသည့် အခမ်းအနားကို ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က မောင်တို့မယ်တို့အနေဖြင့် ဒီပလိုမာ နှင့်ရောင့်ရဲ မနေဘဲ B.Sc.Ag ၊ M.Ag နှင့်ပါရဂူဘွဲ့များထိဖြစ်အောင် ကြိုးစားကြစေလိုပြီး သင်ယူတတ်မြောက်ခဲ့သော စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာဖြင့် မြန်မာနိုင်ငံတွင်လိုအပ်လျက်ရှိသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူများ၏ ဘဝကိုမြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ) ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ဒုတိယနှင့် တတိယနှစ် ကျောင်းသား၊ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားကာ မောင်မယ်သစ်လွင်များကိုယ်စား ပထမနှစ်ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပညာရည်ချွန်ဆုနှင့် သင်ရိုးပြင်ပလှုပ်ရှားမှုများအတွက် ဂုဏ်ပြုဆုများ၊ မောင်မယ်သစ်လွင်များအတွက် ဂုဏ်ပြုထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကိုယ်စားပြု King နှင့် Queen တို့ကို ရွေးချယ်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မောင်မယ်သစ်လွင် ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြားပြီး နံနက်စာကို အတူတကွသုံးဆောင်ခဲ့ကြကာ အခမ်းအနားအပြီးတွင် မောင်မယ်သစ်လွင်များအား ကန်သာယာ၊ ဇွဲကပင်ပန်းခြံ၊ ဦးပေါက်တံတားနှင့် ဘားမဲတောင်သဘာဝဥယျာဉ်တို့အား လေ့လာရေးခရီးစဉ်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)