မုံရွာ အောက်တိုဘာ ၂၉
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေးဒေသ၊ လဟယ်မြို့နယ် အတွင်းရှိ ကျေးရွာ (၂၉)ရွာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တစ်အိမ်ထောင်သုံး ဆိုလာမီးလင်းရေး လုပ်ဆောင်ပေးသွားရန် စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းကျော်မျိုး ၏ ပြောကြားချက်အရ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်း လုပ်ဆောင်ပေးမည့် (၆၀)ဝပ်အားရှိ တစ်အိမ်ထောင်သုံး ဆိုလာမီးလင်းရေး၏ ကုန်ကျစရိတ်ထက်ဝက်အား သုံးစွဲသူကျေးရွာနေ ပြည်သူများမှ ကုန်ကျခံရမည်ဖြစ်ပြီး ကျန်ကုန်ကျစရိတ်ထက်ဝက်ကို စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေမှ အကုန်အကျခံ လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လဟယ်မြို့နယ်အတွင်းမှ ကျေးရွာ(၂၉)ရွာရှိ အိမ်ခြေ(၂၅၈၄) အိမ်တွင် (၆၀)ဝပ်အားရှိ တစ်အိမ်ထောင်သုံး ဆိုလာမီးလင်းရေး (၂၅၈၄)စုံကို တပ်ဆင်ပေးသွားမည်ဖြစ်ရာ မီးလင်းရေးလုပ်ငန်းများ လုပ်ဆောင်ပြီးပါက ကျေးရွာ(၂၉)ရွာမှ လူဦးရေ(၁၅၅၂၇)ဦးတို့ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်မီးကို ရရှိတော့မည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်းမှ ကျေးရွာ (၄)ရွာနှင့် နန်းယွန်းမြို့နယ်အတွင်းမှ ကျေးရွာ(၂)ရွာတို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် တစ်အိမ်ထောင်သုံးဆိုလာမီးလင်းရေး လုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)