မကွေး ဇန်နဝါရီ ၂၆
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ မြို့တိုးချဲ့ရေပေးရေး ဂါလံ ၁၅၀၀၀၀ ဆံ့ ရေစုကန်အမှတ်(၂)ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၆ ရက် ယနေ့နံနက်ပိုင်းက အဆိုပါမင်းလှမြို့ရေစုကန်အမှတ်(၂)၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ယနေ့နိုင်ငံတော်အစိုးရအနေနဲ့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးများကို ဆောင်ရွက်နေသလို မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့အနေနဲ့လည်း ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုးတက်လာတဲ့ လူဦးရေနှင့် မြို့ပြပုံသဏ္ဍာန်အရ သောက်သုံးရေ လိုအပ်ချက်ဟာမြင့်မားသည့်အတွက် မင်းလှမြို့နယ်စည်ပင် သာယာရေးအဖွဲ့ရဲ့ တွက်ချက်တင်ပြတောင်းခံမှုအရ ၂၀၂၂ ခုနှစ်(မီနီ)ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့က လိုအပ်တဲ့မြေနေရာရရှိရေးကို ဆောင်ရွက်ပေးကာ တိုင်းဒေသကြီးအထွေထွေ ပိုလျှံရန်ပုံငွေမှ ငွေကျပ် (၃၇၉.၂၅)သန်းဖြင့် တိုးချဲ့မြို့ရေပေးရေးလုပ်ငန်းကိုခွင့်ပြု ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယနေ့ ရေစုကန် အမှတ်(၂)ဖွင့်လှစ်ပေးနိုင်သည့်အတွက် ပြည်သူများသန့်ရှင်းသော သောက်သုံးရေများ ပိုမိုရရှိလာမှာ ဖြစ်ကြောင်းနှင့် လူမှုစီးပွားဖွံ့ဖြိုးရေး အထောက်အကူပြုမည်ဖြစ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က တိုးချဲ့မြို့ရေပေးရေးဂါလံ ၁၅၀,၀၀၀ ဆံ့ ရေစုကန်အမှတ်(၂)အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့တိုးချဲ့ရေပေးရေးစီမံကိန်း ရေစစ်ကန်မှ ရေစုကန်သို့ ပို့လွှတ်သည့် ရေဘားခလုပ်အား ဖွင့်လှစ်ပေးပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရေစုကန်နှင့် ရေစစ်ကန်ဆောင်ရွက် ထားရှိမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးကာ၊ ရေစုကန်ဖွင့်ပွဲတွင် ကပြဖျော်ဖြေခဲ့သည့် အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ် ချီးမြှင့်ပေးခဲ့သည်။
အဆိုပါ မင်းလှမြို့ရှိ တိုးချဲ့ရေပေးရေးဂါလံ ၁၅၀,၀၀၀ ဆံ့ ရေစုကန်ကို၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မကွေးတိုင်းဒေသကြီးရန်ပုံငွေဖြင့် အလျား ၇၆ ပေ၊ အနံ ၅၂ ပေ၊ အနက် ၈ ပေရှိ ရေစုကန် တည်ဆောက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်နေ ပြည်သူများ သန့်ရှင်းသောသောက်သုံးရေ လုံလောက်စွာရရှိမည်ဖြစ်ကာ၊ မင်းလှမြို့၏(၅၀)ရာခိုင်နှုန်းကို ရေပေးဝေနိုင်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
မောင်ညီညာ