သဘာဝအလှတရားများနှင့်ပြည့်စုံပြီး အေးချမ်းသာယာသည့် မင်းဘူးမြို့ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါသည်

မင်းဘူး ဇန်နဝါရီ ၂၇

မင်းဘူးမြို့သည် မကွေးတိုင်းဒေသကြီးအတွင်း တည်ရှိပြီး ဧရိယာစတုရန်းမိုင်းပေါင်း ၆၄၂.၇ မိုင် ကျယ်ဝန်းသော မြို့တစ်မြို့ပင်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၆၄ ပေတွင် တည်ရှိကာ ခြောက်သွေ့၍ အေးချမ်းသာယာခြင်း၊ စိမ်းစိုလန်းဆန်းသည့် ရှုခင်းများရှိခြင်း၊ သာယာလှပသော သာဘာဝအလှတရားများနှင့်ပြည့်စုံသည့် သမိုင်းဝင် အထင်ကရနေရာများက ကမ္ဘာလှည့်ခရီးသွားများ စိတ်ပါဝင်စားမှုကို မြင့်တက်စေခြင်းပင်ဖြစ်သည်။

မင်းဘူးမြို့နယ်တွင် ရွှေစက်တော် ပါဒစေတီတော်နှစ်ဆူ၊ ရှင်ပင်စက္ကိန်းတဲဘုရား၊ နဂါးပွက်တောင်စသော သမိုင်းဝင်တန်ခိုးကြီးဘုရားများနှင့် အထင်ကရနေရာများအပြင် အခြားစေတီပုထိုးများနှင့် အထင်ကရနေရာများဖြစ်တဲ့ မဟာပုဏ္ဏရဟန္တာမထေရ်မြတ် တရားအားထုတ်ခဲ့သည့်နေရာမှ ရွှေမြင်တင်စေတီတော်နှင့် သမုတ္တဂီရိမြစေတီတော်မြတ်ကြီး၊ ကြောင်လိန်ဘုရား၊ ရှင်မင်းဘူးဘုရား၊ ဝိဇ္ဇာထိုရ် ဆရာတော်ဘုရားကြီး ဦးဂေါဝိတထုံကူးရာ ပေါက်ချောင်အရပ်မှ လိုဏ်ဂူတို့က တစ်မျိုးတစ်ဘာသာ ဆွဲဆောင်နေသလို သဘာဝအလှတရားများနှင့် ကိုက်ညီသည့် တိုးချဲ့ပြင်ဆင်ဆောင်ရွက်နေသော လုပ်ငန်းများကလည်း စိတ်ခံစားမှုရသကို ပေးစွမ်းနိုင်ခြင်း၊ စိတ်ကိုပေါ့ပါး လန်းဆန်းစေသည့် အလှတရားများအပြင် အေးချမ်းသာယာသော မြို့တစ်မြို့ဖြစ်တာကြောင့် မင်းဘူးမြို့သည် ပြည်တွင်း၊ ပြည်ပမှခရီးသွားပြည်သူများအတွက် လေ့လာလည်ပတ်စရာနှင့် အပန်းဖြေရာ နေရာအဖြစ် လှန်းလာခဲ့ဖို့ ဖိတ်ခေါ်ပါသည်။

ဇေယျာထက်(မင်းဘူး)