ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးခဲ့သည့် ဆီထွက်သီးနှံနေကြာစိုက်ခင်းများ စတင်ရိတ်သိမ်းခြွေလှေ့လျက်ရှိပြီး တစ်ဧက ၁၈ ဒသမ ၂၅ တင်းခန့် ထွက်ရှိ

ပွင့်ဖြူ ဇန်နဝါရီ ၂၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်စိုက်ပျိုးထားရှိသည့် ဆီထွက်သီးနှံနေကြာစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန်ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက နွေသီးနှံပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေးအတွက် ဒီဇင်ဘာလတတိယပတ်လောက်ကစပြီး စတင်ရိတ်သိမ်းခြွေလှေ့နေကြကြောင်း သိရကာ တစ်ဧကလျှင် နေကြာသီးနှံ ၁၈ ဒသမ ၂၅ တင်းခန့် ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးစရိတ် အကုန်အကျသက်သာပြီး သီးနှံဝင်ငွေ ပိုမိုရရှိသည့်ဆီထွက်သီးနှံနေကြာစိုက်ပျိုးခြင်းကို မိုးရာသီနှင့်ဆောင်းရာသီတွင် အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသတွင်းသီးနှံ စိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားရေးအတွက် ဒေသခံတောင်သူများအား ဆောင်းသီးနှံများစိုက်ပျိုးရာ၌ လိုအပ်သော စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုး ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသဖြင့် ဆီထွက်သီးနှံ ဆောင်းနေကြာသီးနှံစိုက်ခင်းများအပြင် အခြားသော ပဲမျိုးစုံသီးနှံများနှင့် စားဖိုဆောင်သီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

“ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အနေနဲ့ ဆီထွက်သီးနှံနေကြာစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၁၂၈၀၅ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ပြီး မြေပြင်စိုက်ပျိုးနိုင်မှုဧက ၁၅၀၅၀ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ နေကြာသီးနှံစိုက်ပျိုးရေဟာ စိုက်ပျိုးစရိတ် အကုန်အကျလဲ သက်သာတဲ့အပြင် ဈေးကွက်လဲ ကောင်းမွန်တဲ့အတွက် ဒေသခံတောင်သူတွေက မိုးရာသီနဲ့ ဆောင်းရာသီမှာ စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ဒေသခံတောင်သူတွေကိုလဲ ဆောင်းသီးနှံတွေ စိုက်ပျိုးရာမှာ သီးနှံအထွက်နှုန်းကောင်းမွန်စေဖို့အတွက် သက်ဆိုင်ရာနယ်မြေအလိုက် တာဝန်ကျကွင်းဝန်ထမ်းတွေက တောင်သူတွေကို ကွင်းဆင်းကြီးကြပ်ပြီးတော့ စိုက်နည်းစနစ်မှန်ကန်ဖို့၊ သွင်းအားစုပစ္စည်းများ အချိုးကျမှန်ကန်စွာ သုံးစွဲတတ်စေဖို့နဲ့ သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းတွေကို ပံ့ပိုးကူညီဆောင်ရွက် ပေးပါတယ်။ ယခုဆိုရင် ကျေးရွာအချို့မှာ တောင်သူတွေ ဆောလျင်စွာ စိုက်ပျိုးခဲ့တဲ့ ဆောင်းနေကြာသီးနှံစိုက်ခင်းတွေဟာ ရိတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်လို့ ဒေသခံတောင်သူတွေက နွေသီးနှံ အချိန်မီပြန်လည်စိုက်ပျိုးနိုင်ဖို့အတွက် ဒီဇင်ဘာလတတိယပတ်လောက်ကစပြီး စတင်သိမ်းဆည်းလျက်ရှိရာ ယနေ့အထိ ဧက ၃၀၀၀ ခန့် ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ကာ နေကြာသီးနှံ အထွက်နှုန်းအနေနဲ့ တစ်ဧကကို ၁၈ ဒသမ ၂၅ တင်းခန့် ထွက်ရှိပါတယ်”ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောသည်။

ပွင့်ဖြူမြို့နယ်တွင် ယခု ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း စားသုံးဆီ ဖူလုံပိုလျှံစေရေးအတွက်ရည်ရွယ်၍ နေကြာသီးနှံစိုက်ဧက ၁၂၈၀၅ ဧက၊ မြေပဲ ၂၉၃၀ ဧက၊ နှမ်း ၆၅၀၀ ဧက၊ ပန်းနှမ်း ၁၂၁ ဧက၊ စုစုပေါင်း ဆီထွက်သီးနှံစုံ စိုက်ဧက ၂၂၃၅၆ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ မြေပြင်စိုက်ပျိုးနိုင်မှု မြေသီးနှံ ၂၉၃၈ ဧက ၊ နှမ်း ၁၅၇၄၂ ဧက ၊ နေကြာ ၁၅၀၅၀ ဧက၊ ပန်းနှမ်း ၁၂၁ ဧက၊ စုစုပေါင်းဆီထွက်သီးနှံစုံ ၃၃၈၅၁ ဧက စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ )