အောင်လံမြို့၊ အ.ထ.က(၁)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

အောင်လံ ဇန်နဝါရီ ၂၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို အောင်လံမြို့ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၁) ရွှေရတုခန်းမ၌ ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားကို အထက(၁) ထူးချွန်ကျောင်းသား/သူများမှ Grade-9 သင်ရိုးတွင် ပါဝင်သော “အနာဂတ်လူရည်မွန်” သီချင်းဖြင့် အခမ်းအနားကိုသီဆိုဖွင့်လှစ်ခဲ့ပြီး၊ အောင်လံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အောင်လံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးမာလာခိုင်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ထူးချွန်ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပညာရေးမှူးနှင့်တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ယင်းနောက် ကျောင်းသား/သူလေးများက အကပဒေသာများဖြင့် ပျော်ရွှင်စွာကပြဖျော်ဖြေခဲ့ကြရာ တက်ရောက်လာသူများနှင့် ကျောင်းသားမိဘများက အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။

လင်းလက်(ပြန်/ဆက်)