ကျေးရွာချင်းဆက် ကျောက်ချောလမ်း ခင်းကျင်း ပြီးစီး

ပန်ဆောင် ဇန်နဝါရီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့အတွင်းရှိ နာယန်း-ဝပ်ထမ်း ကျေးရွာချင်းဆက် ကျောက်ချောလမ်းကို ဇန်နဝါရီလအတွင်း ခင်းကျင်းပြီးစီးပြီဖြစ်၍ ဒေသခံပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ နေပြီဖြစ်ကြောင်း သိရသည်။

အရှည် ၁ မိုင် ၄ ဖာလုံရှိ နာယန်း-ဝပ်ထမ်းကျေးရွာချင်းဆက်လမ်း၌ အကျယ် ၁၂ ပေ ကျောက်ချောခင်းခြင်းကို နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ ဖြိုးရေးရန်ပုံငွေ ကျပ် ၁၅၉ သမ ၄၈၉ သန်းဖြင့် ပြည်ရွှေကျော်ကုမ္ပဏီက တာဝန်ယူ၍ ၂၀၂၃ ခုနှစ် ဇူလှိုင်လအတွင်း စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ လုပ်ငန်းများပြီးစီးခဲ့ခြင်းဖြစ်ကြောင်း၊ လမ်းပြီးစီးသဖြင့် ဒေသအတွင်းမှ ပြည်သူများအနေဖြင့်လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်နေ ပြည်သူများ၏ လူနေမှုနှင့် စီးပွားရေးအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ကျေးလက်လမ်းများ ဖောက်လုပ်ခြင်း၊ လမ်းဟောင်းများ အဆင့်မြှင့်တင်ခြင်း၊ တံတားများ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဂျာယော်(ပြန်/ဆက်)