မင်းဘူးခရိုင် အထွေထွေရောဂါကုဆေးရုံကြီးတွင် သံဃာတော်များနှင့်သီလရှင်များကို အခမဲ့ကျန်းမာရေးကုသဆောင်ရွက်ပေး

မင်းဘူး ဇန်နဝါရီ ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် အထွေထွေရောဂါကုဆေးရုံကြီးတွင် ရဟန်းသံဃာတော်များနှင့် သီလရှင်များအား သက်ရှည်ကျန်းမာစေရေးအတွက် အခမဲ့ကျန်းမာရေးကုသဆောင်ရွက်ပေးခြင်းကို ဇန်နဝါရီ ၂၆ ရက်၊ နံနက် ၈ နာရီက အဆိုပါ ဆေးရုံကုသဆောင်၌ ပြုလုပ်ဆောင်ရွက်ပေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးပြီး ဆရာတော်ကြီးများနှင့် သီလရှင်များကို တွေ့ဆုံကာ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို မေးမြန်းလျှောက်ထား၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကျန်းမာရေးပြုစုကုသပေးခြင်းများ ဆောင်ရွက်ပေးရာတွင် မင်းဘူးခရိုင် အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအေးမြဝင်း၏ ဦးဆောင်မှုဖြင့် နား၊ နှာခေါင်း၊ လည်ချောင်း၊ မျက်စိအထူးကုဆရာဝန်ကြီးများ၊ အထွေထွေရောဂါကုသမားတော်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး၊ စကု၊ စလင်းမြို့နှင့် ငဖဲမြို့နယ်တို့မှ  လာရောက်ဆေးဝါးကုသမှုခံယူကြသည့် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် သီလရှင်များ၊ စုစုပေါင်း (၁၄)ပါးကို လိုအပ်သော (Medical Check Up) ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်၍ အခမဲ့ဆေးဝါးကုသပေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ယင်းသို့ ဆရာတော်ကြီးများနှင့် သီလရှင်များအား မေတ္တာဖြင့် အခမဲ့ကျန်းမာရေးကုသဆောင်ရွက်ပေးနေမှုအား ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးပြီး အဆင်ပြေစွာ ကျန်းမာရေးကုသဆောင်ရွက်ပေးနိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မင်းဘူးခရိုင် အထွေထွေရောဂါကုဆေးရုံကြီးမှ ယခုကဲ့သို့ ခရိုင်အတွင်းရှိ နိုင်ငံတော်ဩဝါဒစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃာ့ဝန်ဆောင်ဆရာတော်ကြီးများ အပါအဝင် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် သီလရှင်များကို မေတ္တာဖြင့် အခမဲ့ကျန်းမာရေးကုသပေးခြင်းများအပြင် နိုင်ငံ့ဝန်ထမ်းများကိုလည်း အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အခမဲ့ကျန်းမာရေးပြုစုကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မင်းဘူးခရိုင် အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအေးမြဝင်းထံက သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)