နတ်တလင်း ဇန်နဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် အခြေခံပညာ Grade-5, Grade-9 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က (နတ်တလင်း) ကျောင်း မနောဟဒယခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ နတ်တလင်းမြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်အေးအေးသောင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အ.ထ.က (ကြိုးကြာကန်) ကျောင်းအုပ်ဆရာကြီး ဦးအောင်မျိုးသန်းမှ စာမေးပွဲကျင်းပနေစဉ် ကြီးကြပ်ရေးမှူးနှင့် ရုံးအဖွဲ့များ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပက်သက်၍ ရှင်းလင်းပြောကြားခြင်း၊ အ.ထ.က (ကရင်ကုန်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီတာထွန်းမှ စာမေးပွဲခန်းစောင့်ကြပ်သူ လက်ထောက်ကြီးကြပ်ရေးမှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အ.ထ.က (အောင်ဇေယျာ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာထွန်းမှ စာမေးပွဲပြင်ပစောင့်ကြပ်သူ လက်ထောက်ကြီးကြပ်ရေးမှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လုံခြုံရေး (ဂိတ်) စောင့်ကြပ်သူ လက်ထောက်ကြီးကြပ်ရေးမှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခြင်း၊ အ.ထ.က (တာပွန်) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်မှ သန့်စင်ခန်းစောင့်ကြပ်သူ လက်ထောက်ကြီးကြပ်ရေးမှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ Grade-5, Grade-9 စာမေးပွဲဆိုင်ရာ ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူး ဆရာကြီး၊ ဆရာမကြီးများ စုစုပေါင်း (၂၃၀) ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)