မြို့သစ် ဇန်နဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့သည် မြေခံ၊ရေခံကောင်း၍ စိုက်ပျိုးရေးကိုအခြေခံသည့် မြို့တစ်မြို့ဖြစ်ပြီး ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြရာ ခရမ်းပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရောင်းချချိန်၌ စျေးကောင်းရရှိရန်တောင်သူအများ မျှော်လင့်နေကြကြောင်း စိုက်ပျိုးတောင်သူများထံက သိရသည်။
ဒေသခံများသည် အိမ်ရှိမြေကွက်လပ်များနှင့် ဥယျာဉ်ခြံများတွင် သခွား၊ ငရုတ်၊ ဘူးသီး၊ ခဝဲသီး၊ ရုံးပတီသီး၊ ပဲသီး၊ ခရမ်းသီး၊ မုန်လာဥ၊ ဆလပ်၊ ပန်းဂေါ်ဖီနှင့်အခြားဟင်းသီးဟင်းရွက်မျိုးစုံကို ရာသီအလိုက် စိုက်ပျိုးကြရာခရမ်းမျိုးများအား ပျိုးထောင်ကျဲပတ်ပြီး အပင်ပေါက်များအားကျင်းတူး၍ ပြန်လည်ခွဲထုတ်စိုက်ပျိုးကြပြီး ပိုးမွှားကျရောက်ခြင်းအန္တရာယ်မှ ကာကွယ်ရန်အတွက် သဘာဝမြေဩဇာ များကျွေးခြင်း၊ ပိုးသတ်ဆေးများ ပက်ဖျန်းပေးခြင်းဖြင့် ပြုစုစိုက်ပျိုးပြီး ရက်ပေါင်း ၆၀ အကြာတွင် စတင်ခူးဆွတ်နိုင်ကြောင်း၊ (၂) ရက်ခြား (၃) ရက်တစ်ကြိမ် ခူးဆွတ်ရောင်းချကြောင်း သိရသည်။
ခရမ်းသီး တစ်ပိဿာလျှင် (၁၀၀၀) ကျပ်နှင့် (၁၂၀၀) ကျပ်ခန့်အထိရရှိပြီး ထွက်ရှိသည့် အသီးများကို မြို့သစ်မြို့မစျေးကြီးအတွင်း ဖောက်သည်သွင်းရကြောင်းသိရသည်။
မြို့သစ်မြို့နယ်အတွင်းရှိ ပြည်သူများသည် တောင်ယာနှင့် ဥယျာဉ်ခြံများကို စိုက်ပျိုးလုပ်ကိုင်ကြသည့်အပြင် ရာသီအလိုက် ထွက်ရှိသည့် ဟင်းသီးဟင်းရွက်မျိုးစုံကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)