ကော့သောင်းအောက်တိုဘာ ၂၉
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ ကြိုတင် ဆန္ဒမဲများကို တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများရှိ ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲရုံး မဲရုံများတွင် ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နေ ကြိုတင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်များ လာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။
ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှာ မဲဆန္ဒနယ်အတွင်း ရှိနေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မဲရုံသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲမပေးနိုင်သူများ၊ အသက် ၆၀ နှစ် နှင့်အထက်မဲဆန္ဒရှင်များ ၊ ဆေးရုံ တက်ရောက် နေသူများ၊ အချုပ်ခံနေရသူများ၊ နိုင်ငံ့တာဝန်ဖြင့် မဲဆန္ဒနယ်ကျော်လွန်၍ ခရီးသွားမည့် နိုင်ငံ့ဝန်ထမ်းများ၊ ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်မည့်သူများအား သတ်မှတ်ထားခြင်းဖြစ်ရာ ယနေ့ကြိုတင်ဆန္ဒမဲ လာရောက် ပေးသူများမှာ အသက် ၆၀ နှစ် နှင့်အထက်မဲဆန္ဒရှင်များ နှင့် နိုင်ငံ့တာဝန်ဖြင့် မဲဆန္ဒနယ်ကျော်လွန်၍ ခရီးသွားမည့် နိုင်ငံ့ဝန်ထမ်းများ၊ ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်မည့်သူများဖြစ်ကြကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်အနေဖြင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၇) စုနှင့် မဲဆန္ဒရှင် စုစုပေါင်း (၁၁၂၆၀၃)ဦးရှိရာ အသက်၆၀နှစ်နှင့် အထက် မဲဆန္ဒရှင်ဦးရေ(၁၀၁၄၄)ဦးရှိပြီး ကြိုတင်ဆန္ဒ မဲပေးပိုင်ခွင့် ရှိသူများသည် အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၇ ရက်နေ့အထိ နံနက်၈နာရီမှ ညနေ၆နာရီ အတွင်း သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံတွင် ကြိုတင်ဆန္ဒမဲ ပေးနိုင်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)