နတ်မောက် ဇန်နဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများအဖြစ် မြို့ပေါ်ရပ်ကွက်များ၊ ဌာနဆိုင်ရာများနှင့် အခြေခံပညာကျောင်းများသို့ စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ရွှေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ပေါ်တွင် ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်၊ စာအုပ်စာပေကို ချစ်မြတ်နိုးစေရန်၊ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် သုတ/ရသစာအုပ်များနှင့် ကလေးငယ်များကြိုက်နှစ်သက်သော ပုံပြင်စာအုပ်များနှင့် ရုပ်ပြစာအုပ်များ၊ မဂ္ဂဇင်းကြိုက်နှစ်သက်သူများအတွက် မဂ္ဂဇင်းစာအုပ်များ၊ ဝတ္တုစာအုပ်များအား စုံလင်စွာငှားရမ်းပေးခဲ့သည်။ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက စာဖတ်ပရိသတ်များနှင့် ကျောင်းသား/ကျောင်းသူများကို အားလပ်သောအချိန်များတွင် စာအုပ်စာပေဖတ်ရှုခြင်းဖြင့် စိတ်အပန်းဖြေ စေရန်နှင့် အသိပညာဗဟုသုတများ စွာရရှိစေရန်၊ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များသို့ အရောက်သွား၍ စာအုပ်စာစောင်များကို ရက်သတ္တပတ်နှစ်ပတ်လျှင် တစ်ကြိမ် စာအုပ်အသစ်များလဲလှယ်၍ ငှားရမ်းပေးလျက်ရှိသည်။
“စာအုပ်၊စာစောင်များ ငှားရမ်းပေးခြင်းဖြင့် စာဖတ်သည့် အလေ့ကျင့်ကောင်းများ ပိုမိုကောင်းမွန်လာစေရန်၊ စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရန်၊ စာအုပ်စာစောင်များနှင့် ရင်းနှီးကျွမ်းဝင်လာသည့်အပြင် စာပေများမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် အလုပ်တာဝန်များမအားလပ်၍ စာကြည့်တိုက် သို့မလာရောက် နိုင်သူများ အတွက်သွားရောက် ငှားရမ်းပေးခြင်းဖြစ်သည်”ဟု မြို့နယ် ပြန်/ဆက်ဦးစီးအရာရှိက ပြောကြားသည်။
မူမူစန်း