နတ်မောက် ဇန်နဝါရီ ၂၆
စားသုံးသူဈေးကွက်တွင် လူကြိုက်များလာသည့် စပျစ်စိုက်ပျိုးသည့်လုပ်ငန်းကို နတ်မောက်မြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးနေကြကြောင်း သိရသည်။ နတ်မောက်မြို့နှင့် (၂) မိုင်ဝေးကွာသည့် န/လက်ခုပ်ပင်ကျေးရွာတွင် ကိုဝေယံစိုးမှ စပျစ်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားရှိရာ ယခုအချိန်တွင် စပျစ်များရင့်မှည့်၍ ဈေးကွက်သို့ တင်ပို့ဖြန့်ဖြူးရောင်းချလျက်ရှိသည်။
“စပျစ်များကို စတင်စိုက်ပျိုးလာတာ (၆) နှစ်ရှိပါပြီ၊ စပျစ်သက်တမ်းသည် မိမိထားနိုင်သည့် အချိန်ကာလအထိထားနိုင်ပြီး ဈေးကွက်တင်ပို့ရောင်းချချိန်မှန်း၍ စိုက်ပျိုးပြီးရှင်သန်ဖြစ်ထွန်းနေတဲ့ စပျစ်ပင်မှ အကိုင်းများကို ဖြတ်ပေးရပါတယ်၊ ကျွန်တော်ရဲ့စပျစ်ခင်းမှ စပျစ်ကိုင်းများကို စက်တင်ဘာလမှာ ကိုင်းဖြတ်ပေးထားတာပါ၊ ကိုင်းဖြတ်ပေးပြီး စပျစ်များကို (၃) ရက်တစ်ကြိမ်ရေ ပေးသွင်းခြင်း၊ အားဆေးပက်ဖြန်းပေးခြင်းများ ပြုလုပ်ပေးရပါတယ်၊ ဒီဇင်ဘာ တတိယပတ်ထဲမှာ စပျစ်များရင့်မှည့်လာပြီး ခုဇန်နဝါရီလထဲမှာဆိုရင် လှိုင်လှိုင်ရင့်မှည့်နေပါပြီ၊ စပျစ်ဈေးကွက် အနေကတော့ စပျစ်တစ်ပိဿာကို (၆၀၀၀) ရောင်းချရပါတယ်၊ စပျစ်ခင်းထဲသည့် လာရောက်ဝယ်ယူ သူများရှိသလို မြို့မဈေးသို့လည်း လက်ကားသွားရောက်ရောင်းချပါတယ်၊ တစ်နေ့ရောင်းရ ငွေကတော့ ပျမ်းမျှအားဖြင့် (၅၀၀၀၀) ကျော်ရရှိပြီး မိသားစုအတွက် နေ့စဉ်ဝင်ငွေ ရရှိသည့်အတွက် အဆင်ပြေပါတယ်ဟု” စိုက်ပျိုးသူ ကိုဝေယံစိုးက ပြောသည်။
စပျစ်အမျိုးအစား အမျိုးမျိုးရှိပြီး ဘလပ်ကွင်း၊ သီးချွန်၊ ရွှေနီ၊ သခွားမွှေး၊ ဘောဘလပ်၊ အာဂျီ (ပန်းရောင်) တို့အနက် စားသုံးသူဈေးကွက်တွင် အမျိုးအစားများကို ရွေးချယ်စိုက်ပျိုးရပြီး မိမိအနေဖြင့် ဘလပ်ကွင်းနှင့် ဘောဘလပ်စပျစ်မျိုးများကို စိုက်ပျိုးထားကြောင်း သိရသည်။
မူမူစန်း