ကျောက်ကြီး ဇန်နဝါရီ ၂၆
ကျောက်ကြီးမြို့နယ် သိမ်တန်းရပ်ကွက် ကသစ်ဝိုင်ဓမ္မရိပ်သာဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံး ဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းစီစဥ်မှု့ဖြင့် မိုင်းအန္တရာယ်အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့သည်။
ဟောပြောပွဲသို့ ကျောက်ကြီးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် ဒေသခံပြည်သူ (၅၀) ဦး တက်ရောက်ပြီး၊ ရှေးဦးစွာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမင်းမြတ်ဘုန်းက ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ကြက်ခြေနီတပ်ဖွဲ့သည် အခြေခံမူ (၇) ချက်ဖြင့် ရပ်တည်ပုံများ၊ ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန်ဆိုသည့် ခေါင်းစဥ်အောက်တွင် ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါဘေးတားဆီးရန်၊ ဘေးအန္တရာယ်ကျရောက်မှုကို ကာကွယ်ရန်ဆိုသည့် လုပ်ငန်းစဥ်များအကြောင်း အသိပညာပေးပြောကြားကာ လက်ရှိဖြစ်ပွားလျှက်ရှိသော ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရမည့် အချက်များအသိပညာပေးဟောပြောပြီး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးဝင်းမြင်က မြို့နယ်ကြက်ခြေနီသင်းခွဲ ပေါ်ပေါက်လာပုံနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ လှုပ်ရှားဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကြက်ခြေနီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး ကျော်ဦးလွင်က စစ်လက်နက်ပစ္စည်းဖြစ်သော မြေမြှုပ်မိုင်း၊ လက်လုပ်မိုင်း၊ ကြိုးဆွဲမိုင်းများ၏ အန္တရာယ်ကြီးပုံများ၊ မိုင်းအန္တရာယ်သတိပေးထားရှိတတ်ပုံများ၊ မိုင်းအားတွေ့ရှိပါက ကြိုတင်ရှောင်ရှားပြီး သက်ဆိုင်ရာအကြီးကဲများထံသတင်းပို့ရန် ဗီနိုင်းပိုစတာများဖြင့် ပြသရှင်းလင်းပြောကြားပြီး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက မိုင်းအန္တရာယ်အကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ရုပ်ပုံစာအုပ်များ ဝေငှဖတ်ရှုစေခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)