မြင်းမူ ဒီဇင်ဘာလ ၂၆
ယခုကာလသည် နောက်ပိုင်းဆောင်းရာသီရောက်ချိန်ဖြစ်သည့်အတွက်ကွမ်းရွက်ထွက်ရှိ မှုနည်းလာချိန်ဖြစ်သောကြောင့် ကွမ်းရွက်ဈေးအမြင့်ဘက်သို့ရောက်ရှိနေကြောင်း၊စစ်ကိုင်းခရိုင် မြင်းမူမြို့နယ်၊ ပဲကူကျေးရွာမှ ကွမ်းစိုက်ပျိုးသူထံကသိရှိရသည်။
ကွမ်းပင်ကို စနစ်တကျစိုက်ပျိုးပါက နှစ်ပေါက်ဝင်ငွေရရှိနိုင်ကြောင်း၊ ကွမ်းရွက်ပင် (၃၀၀၀) စိုက်ပျိုးပါက ငွေကျပ်သိန်း(၂၀)ကျော်ကုန်ကျမှုရှိကြောင်း၊(၇) လအကြာတွင်ကွမ်းရွက်များကို စတင်ခူးယူရရှိနိုင်ကြောင်း၊ ပထမအကြိမ်စတင်ခူးယူချိန်တွင် တစ်ပင်လျင် (၁၅) ကျပ်သားမှ (၂၀) ကျပ်သားထိရရှိနိုင်ပြီး အပင်အခြေအနေပေါ်မူတည်ကာ (၁၅) ရက်တစ်ကြိမ် ဆက်လက်ခူးယူရရှိချိန်တွင် အလေးချိန်ပိုမိုရရှိကြောင်း၊ ခြံတစ်ခုလုံးခူးယူချိန်ရောက်ရှိချိန်တွင် တစ်ကြိမ်ခူးယူပါက ပိသာချိန်(၅၀)ရရှိကာ (၁၅)ရက်တစ်ကြိမ်ခူးယူနိုင်ကြောင်း၊ ယခုလက်ရှိဈေးအနေဖြင့်ကွမ်းရွက် (၁)ပိသာလျင် ငွေကျပ် (၂၂၀၀၀) ဈေးဖြင့်ရောင်းချနေရကြောင်း၊ ဆက်လက်၍ကွမ်းရွက်ဈေးမြင့် တက်လာနိုင်ကြောင်း ကွမ်းစိုက်ပျိုးကာအရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးထံက သိရှိရသည်။
မြင်းမူမြို့နယ်တွင် ကွမ်းခြံများမှ ထွက်ရှိသောကွမ်းရွက်များကို မန္တလေး၊ မူဆည်၊ တောင်ကြီးစသည့် မြို့ကြီးများနှင့် အနယ်နယ်အရပ်ရပ်သို့တင်ပို့ရောင်းချကြောင်း သိရှိရသည်။
အောင်စိုးဖေ (မြင်းမူ)