ပေါင်းတည် ဇန်နဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်ကအဖွင့်မှာစကားပြောကြားရာ ခြောက်သွေ့ရာသီရောက်လာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိရှိကြရန်၊ စီမံချက်များရေးဆွဲပြီး ကြိုတင်ပြင်ဆင်ထားကြရန်နှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် အဖျက်အမှောင့်လုပ်ရပ်များအား စုပေါင်းညီညာစွာဖြင့် အမြဲသတိထား ကာကွယ်ကြရန်တို့ကို အလေးထား မှာကြားသည်။ ဆက်လက်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက လုံခြုံရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဖြည့်စွတ်မှာကြားကြသည်။
ယင်းနောက် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ရပ်ရွာအုပ်ချုပ်ရေးကိစ္စရပ်များကို အသီးသီးတင်ပြကြကြောင်းနှင့် နွေစပါးစိုက်ပျိုးရေ ပေးဝေချိန်နှင့်တစ်ပြေးညီ ထွန်ယက်စိုက်ပျိုးရေးနိုင်ရေးတို့ကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များက တင်ပြဆွေးနွေးကြကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ရပ်ရွာအေးချမ်းလုံခြုံရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာရေး၊ စိုက်ပျိုးစရိတ်ချေးငွေများ အပြေအကြေရရှိနိုင်ရေးတို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်စေခဲ့ကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)