ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေး

ကဝ အောက်တိုဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊     ပဲခူးခရိုင်၊     ကဝမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကဝမြို့ ငါးထပ်ကြီးဘုရားရင်ပြင်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကဝမြို့နယ် အုပ်ချုပ်ရေးမှူးဦးဝင်းနိုင်က ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများ အေးချမ်းစွာမဲပေးနိုင်ရေးအတွက် လုံခြုံရေးကိစ္စရပ်များကို စနစ်တကျ ဆောင်ရွက် သွား ကြရန် ရှင်းလင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ကဝမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ   ဥက္ကဋ္ဌဦးသောင်းကြည်က မိမိတို့ မြို့နယ် အနေဖြင့် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲအားအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ရပ်/ကျေးရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ အနေဖြင့် ကြိုတင်ပြင်ထားသင့်သည့် မဲရုံအတွင်း/အပြင် တာဝန်ခွဲဝေ ပေးခြင်း၊ မဲလက်မှတ်များ သိမ်းဆည်းခြင်း ၊မဲရုံသုံးပစ္စည်းများဖြန့်ဝေခြင်း၊ လုံခြုံရေးထားရှိခြင်း၊ ကျန်းမာရေး စစ်ဆေးမှု များဆောင်ရွက်ထား ရှိမှုနှင့် မဲရုံဆောက်လုပ်သွားမည့် အခြေအနေများ စသည့် အချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေး စေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ရပ်/ကျေးရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များက မြို့နယ် အတွင်းရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများကို ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး တင်ပြရာ တာဝန်ရှိသူများ က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ကဝမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်  ရပ်ကွက်ကျေးရွာအုပ်စု (၁၀၃)အုပ်စု ၊ မဲရုံပေါင်း(၁၆၉)ရုံ ရှိပြီး မဲဆန္ဒ ရှင်ဦးရေ (၁၅၆၈၁၃)ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်