ပြည်မြို့လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (တတိယ)အကြိမ် မဟာဆေးပဋ္ဌာန်း ရွတ်ဖတ်ပူဇော်လှူဒါန်းပွဲကျင်းပ

ပြည် ဇန်နဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီးနှင့်တကွ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ဘေးအန္တရာယ် အသွယ်သွယ်မှ မကပ်မရောက် ကင်းစင်လွင့်ပျောက်စေရန်နှင့် ဗုဒ္ဓသာသနာတော်၏ အဆီအနှစ်ဖြစ်သော(မဟာပဋ္ဌာန်းအဘိဓမ္မာဒေသနာတော်ကြီး) နေရောင်လရောင်ပမာ ဝင်းပထွန်းတောက် ကောင်းကျိုးရောက်စေရန်ရည်သန်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုနှင့် ပြည်မြို့လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများကြီးမှူး၍ သံဃာတော်အရှင်သူမြတ်များမှ (တတိယ)အကြိမ် အသံမစဲမဟာဆေးပဋ္ဌာန်းရွတ်ဖတ် ပူဇော်လှူဒါန်းပွဲကြီးကို  ရွှေဆံတော်စေတီတော်ရင်ပြင် လေးထပ်ဓမ္မာရုံတော်ကြီး၌ ယနေ့နံနက်ပိုင်းကစတင် ကျင်းပသည်။

အဆိုပါ မဟာဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းပွဲကြီးကို ယခုလ၂၅ ရက်နေ့မှ ၂၉ ရက်နေ့ အထိ ၅ ရက်တိုင် အသံမစဲရွတ်ဖတ်ပူဇော်ကျင်းပမည်ဖြစ်ပြီး  ယင်းပူဇော်လှူဒါန်းပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်ကကျင်းပရာ ဩဝါဒါစရိယဆရာတော်ကြီးများ အမှူးပြုသော ဆရာတော်၊ သံဃာတော်များနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဆန်းဌေးမောင်၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရွှေဆံတော်ဂေါပကအဖွဲ့နှင့် ဝေယျာဝစ္စအသင်းအဖွဲ့ဝင်များ တက်ရောက်ကြပြီး ဖွင့်ပွဲအခမ်းအနားတွင် ဦးစွာဩဝါဒါစရိယ ဆရာတော်ကြီးများအမှူးပြုသော တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားစတင်ဖွင့်လှစ်ပြီး ပြည်မြို့မဟာသုဒဿနာရာမကျောင်းတိုက်မှ စာချနာယကဆရာတော်အရှင်သူမြတ်က ရောင်ခြည်တော်ဖွင့်ဂါထာတော်ကို ရွတ်ဖတ်ပူဇော်၍ ဆေးပဋ္ဌာန်းဒေသနာတော် နားကြားကြရန် ဂါထာတော်ဖြင့် နတ်ဗြဟ္မာများအား ဖိတ်ကြားတော်မူသည်။

ယင်းနောက် ဧည့်ပရိတ်သတ်အပေါင်းတို့က ပြည်မြို့ရွာဘဲတောင်ပေါ်ကျောင်းတိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တကုမာရဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဩဝါဒါစရိယဆရာတော်ကြီးများထံ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်က သာသနာရေးဆိုင်ရာများလျှောက်ထားပြီး တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ မဟာဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှလှူဒါန်းသော အလှူတော်ငွေ ကျပ်သိန်း ၃၀ ကို တာဝန်ရှိသူများက ထပ်ဆင့်ပေးအပ်လှူဒါန်း လက်ခံဆောင်ရွက်ကြပြီး မဟာဆေးပဋ္ဌာန်းဒေသနာတော်ကို သံဃာတော်အရှင်သူများက အလှည့်ကျစတင်ရွတ်ဖတ်ပူဇော်ကြသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် တာဝန်ရှိသူများနှင့် ဂေါပကအဖွဲ့ဝင်များက ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ဆရာတော်သံဃာတော်များကို  နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး အဆိုပါအသံမစဲမဟာဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲတွင် လှူဒါန်းရရှိသော ဆေးပစ္စည်းများနှင့် ဒါတဗ္ဗဝတ္ထုပစ္စည်းအစုစုတို့အား ပြည်မြို့နယ်ရှိ စာသင်တိုက်များနှင့် သီလရှင်ကျောင်းများသို့ ဆက်ကပ်လှူဒါန်းမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ကိုဆက်(ပြန်/ဆက်)