အမာမြို့၊ အောက်ဆိပ်ကွင်းကျေးရွာ၊ အခြေခံပညာမူလတန်း (လွန်) သရက်ချောင်းကျောင်း၌ ပညာရည်ချွန်ဆု‌ပေးပွဲ အခမ်းအနားကျင်းပ

အမာ ဇန်နဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊   ဘဝသစ်ကျေးရွာအုပ်စု၊ အောက်ဆိပ်ကွင်းကျေးရွာ၊ အ‌ခြေခံပညာမူလတန်း (လွန်) ကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် () နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပညာရည်ချွန်ဆုပေးပွဲတွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် ထူးချွန်ခဲ့သော ကျောင်းသား၊ ကျောင်းသူများကို ဆုများပေးအပ်ခြင်းဖြစ်ရာ အခမ်းအနားတွင် ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူ‌‌လေးများ၏ မြန်မာ့ကျောင်းသီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး မူ (လွန်) သရက်ချောင်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး နော်တင်လှက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အငြိမ်းစားကျောင်းအုပ်ဆရာကြီး စောကနေဒီ၊ ဘဝသစ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးဟန်တို့က ထပ်ဆင့်အမှာစကား အသီးသီးပြောကြားကြပြီးနောက် (A) အဆင့်ရ ကျောင်းသားကျောင်းသူများအား ပညာရည်ချွန်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော်အကများဖြင့် ဖျော်ဖြေတင်ဆက် ကပြခဲ့‌ကြ ကြောင်းသိရသည်။

အဆိုပါ ဆုပေးပွဲအခမ်းအနားသို့ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အမာ (ပြန်/ဆက်)