ပေါင်းတည်၌ စျေးကွက်အတွင်းရှိစားသုံးကုန်များနှင့်ဆေးဝါးများအား တာဝန်ရှိပူးပေါင်းအဖွဲ့ ကွင်းဆင်းစစ်ဆေး

ပေါင်းတည် ဇန်နဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ပေါင်းတည်မြို့နယ်၌စျေးကွက်အတွင်းရောင်းချလျက်ရှိသောခေါက်ဆွဲခြောက်၊ အာဟာရဖြည့်စွတ်အစာ၊အချိုရည်အပါအဝင်အခြားစားသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများကို စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များက ယနေ့နံနက်၉နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုသည်စျေးကွက်အတွင်းတွင် စားသုံးသူပြည်သူများသို့ ရောင်းချလျက်ရှိသော စားသုံးကုန်ပစ္စည်းများနှင့်ဆေးဝါးများကုန်ညွှန်းအမှတ် ပြည့်စုံမှန်ကန်စေရေးနှင့် ကုန်ထုတ်လုပ်ခွင့်ဆိုင်ရာအချက်အလက်များရှိ မရှိကို စျေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းဖြစ်ပြီး စားသုံးသူရေးရာဦးစီးဌာနမှ သတ်မှတ်ထားသော ကုန်အညွှန်း အမှတ်အသားများတွင် မြန်မာစာ ရေးသားထားရှိမှု ရှိမရှိ၊ ထုတ်ကုန်များသည် စားသုံးသူများအတွက် ဘေးအန္တရာယ်ရှမရှိကို စျေးကွက်အတွင်းစောင့်ကြည့် စစ်ဆေးခြင်းဖြစ်ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံအရာရှိ ဦးနိုင်ဝင်းသိန်းထံမှ သိရသည်။

ယင်းကွင်းဆင်းစစ်ဆေးမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)