ရွှေတောင် ဇန်နဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက် အင်ကြင်းစင်ကျေးရွာတွင် မိသားစုတစ်ပိုင်တစ်နိုင် ကြယ်ဖြူပန်းစိုက်ပျိုး၍ မိသားစုဝင်ငွေရရှိကြောင်း သိရသည်။
ကြယ်ဖြူပန်းစိုက်ပျိုးရာတွင် မျိုးပင်များအား ပြင်ဦးလွင်မှ ပျိုးပင်တစ်ပင်လျှင် (၇) ကျပ်နှုန်းဖြင့် ပျိုးပင် (၅၀၀၀) မှာယူ၍ မြောင်အရှည် အတောင် (၇၀) ရှိ မြောင်းဘောင်များပေါ်တွင် (၇) ပင်တန်းစိုက်ပျိုးထားရှိရကြောင်း သိရသည်။
အဆိုပါ ကြယ်ဖြူပန်းကို နတ်တော်လဆန်းမှ တပို့တွဲလအထိ (၂) လခွဲကြာ စိုက်ပျိုးရပြီး မြောင်းဖော်၊ ပျိုးပင်စရိတ်၊ ပေါင်းသင်၊ ဆေးဖြန်းခ စုစုပေါင်း ကုန်ကျစရိတ် (၂၅၀၀၀၀) ကျပ်ခန့်ရှိပြီး ကြယ်ဖြူပန်းစတင်ပွင့်ချိန်တွင် တစ်စည်းလျှင် တစ်ခက်နှင့်တစ်ကိုင်းစည်း၍ တစ်စည်းလျှင် (၁၂၀၀) ကျပ်ခန့်ရောင်းချရကြောင်း သိရသည်။
ထိုသို့ရရှိလာသောကြယ်ဖြူပန်းများအား နယ်မြို့များနှင့် ဒေသအတွင်းရောင်းချရ၍ မိသားစုတစ်ပိုင်တစ်နိုင်စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း ကြယ်ဖြူပန်း စိုက်ပျိုးတောင်သူ ဦးလှဘုန်းမြင့်ထံမှ သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)