လောင်းလုံး ဇန်နဝါရီ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၌ မှုးခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လောင်းလုံးမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ ဗထူးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကျော်လွင်က အမှာစကားပြောကြား၍ မြို့မရဲစခန်းမှ ရဲမှူးထွန်းလှရှိန်က ယာဥ်စည်းကမ်းလမ်းစည်းကမ်းနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်တရားသူကြီး ဦးဝင်းသီဟက မြန်မာ့ဓလေ့ထုံးတမ်း ထိမ်းမြားခြင်းဥပဒေအားလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးအောင်မျိုးသန့်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အားလည်းကောင်း၊ မြို့နယ် အခွန်ဦးစီးအရာရှိက အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာ ညွှန်ကြားချက်များအားလည်းကောင်း၊ ဒုရဲမှူးသော်ဇင်ဦးက အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာတင်ခြင်း နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းအပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူနိုင်ရေး ကော်မတီမှအသိပညာပေးခြင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သိန်းသိန်းက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောခြင်းများကို အသီးသီးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး ဟောပြောပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)