ပွင့်ဖြူမြို့နယ်၌ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဆောင်းသီးနှံမျိုးစုံ စိုက်ပျိုးထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှုအား တာဝန်ရှိသူများအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေး

မင်းဘူး ဇန်နဝါရီ ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း၌ ယခုနှစ် ဆောင်သီးနှံစိုက်ပျိုးရာသီတွင် သီးနှံစိုက်ပျိုးစွမ်းအား မြှင့်တင်ရေးနှင့် ဆောင်းသီးနှံလျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း၌ ဆောင်းသီးနှံမျိုးစုံ စိုက်ပျိုးထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို မင်းဘူးခရိုင် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မင်းဘူးခရိုင် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များသည် ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာအုပ်စု၊ ကွင်းအမှတ် (၉၅၀)ရှိ တောင်သူဦးဆန်းဝင်း၏ ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးရာသီ၊ တစ်နှစ် သုံးသီးစိုက် သီးနှံပုံစံ (မိုးစပါး၊ ကုလားပဲ၊ နွေးနှမ်းစိုက်ခင်း)အတွင်း ဆောင်းကုလားပဲသီးနှံ စံပြကွက် ရေဆင်း-၆ (၇)ဧက စိုက်ပျိုးထားရှိမှု၊ DOA နှင့် DAR တို့ပူးပေါင်းပြီး ဆောင်ရွက်ထားသော ကုလားပဲမျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်နှင့် သီးထပ်၊ သီးညှပ် ဆောင်းနေကြာ စိုက်ပျိုးထားရှိမှုများနှင့် မုန်းမြင့်ကျေးရွာအုပ်စု ကွင်းအမှတ်(၈၇၂) သမော်အင်းကျေးရွာ ညောင်ပင်သာကွင်းရှိ မြေနုကျွန်းအတွင်း၌ ဒေသခံတောင်သူများ စိုက်ပျိုးထားသော မတ်ပဲ၊ ဆောင်းကုလားပဲ၊ မြေပဲ၊ နေကြာ၊ ပဲမျိုးစုံအပြင် သီးထပ်၊ သီးညှပ် စိုက်ပျိုးထားရှိမှုနှင့် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်၊ ဖရဲ၊ သခွား၊ ပြောင်း စသည့် ဆောင်းသီးနှံများ စိုက်ပျိုးထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ခဲ့ကြသည်။

ထို့နောက် သမော်အင်းကျေးရွာ ညောင်ပင်သာကွင်း၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးနှင့် စိုက်ပျိုးရေရရှိရေးအတွက် ဆည်ရေအပြင် မြေအောက်ရေတွင်းများ တူးဖော်၍ သုံးစွဲနေမှု၊ သီးနှံမျိုးစေ့ မျိုးကောင်း၊ မျိုးသန့်များ ပြန့်ပွားရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးနိုင်ရေး၊ ဆောင်းသီးနှံမျိုးစုံနှင့် စားဖိုဆောင်သီးများ လျာထားချက်အလိုက် စိုက်ပျိုးနိုင်ခဲ့မှုနှင့် သီးနှံများ ဆွတ်ခူးရောင်းချမှု အခြေအနေများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် ဒေသခံတောင်သူများ၏ ရှင်းလင်းတင်ပြမှုအပေါ် မင်းဘူးခရိုင် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

မင်းဘူးခရိုင်အတွင်း ပွင်ဖြူမြို့နယ်အပါအဝင် မင်းဘူး(စကု)၊ စလင်း၊ ငဖဲနှင့် စေတုတ္တရာ မြို့နယ်များ၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆောင်းအဓိကသီးနှံအဖြစ် မတ်ပဲ၊ ပဲတီစိမ်၊ မြေပဲ၊ နှမ်း၊ နေကြာနှင့် အခြားသီးနှံ ကုလားပဲအပြင် ဆောင်းသီးနှံမျိုးစုံကို ၁၈၆၆၆၈ ဧကစိုက်ပျိုးရန် စီမံကိန်းလျာထား ဆောင်ရွက်ခဲ့ပြီး ယနေ့အထိ ဧကပေါင်း ၂၄၄၂၂၈ ဧကအထိ လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)