လိပ်သို ဇန်နဝါရီ ၂၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် နေထိုင်ကြသော ဒေသခံပြည်သူများမှာ စိုက်ပျိုးရေးဖြင့် အဓိကအသက်မွေးဝမ်းကြောင်းကြသော်လည်း ဟင်းသီးဟင်းရွက်ထက် နှစ်ရှည်သီးနှံပင်များကိုသာ ပိုမိုစိုက်ပျိုးကြပြီး စားဖိုဆောင်သီးနှံဖြစ်သည့် ဟင်းသီး ဟင်းရွက်များကိုမူ တောင်ငူမြို့မှ လာရောက်ရောင်းချသည့် ဈေးသည်များကိုသာ အဓိကအားထား ဝယ်ယူစားသုံးကြသည်။
ယခုအခါ ကုန်ဈေးနှုန်းများ အဆများစွာ ကြီးမြင့်လာမှု၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ အလွန်အကျွံအသုံးပြုထားမှုတို့ကြောင့် အချို့သောဒေသခံများမှာ တောတောင်ဥယျာဉ်ခြံများတွင် သဘာ၀အလျောက် ပေါက်ရောက်လျက်ရှိသော တောင်ပေါ်ဒေသထွက် ဟင်းသီး ဟင်းရွက်များကို ပိုမိုစိုက်ပျိုး စားသုံးလာကြကြောင်းလည်း သိရသည်။
တောင်ပေါ်ဒေသတွင် သဘာ၀အလျောက် ရရှိနိုင်သော ဟင်းသီးဟင်းရွက်များထဲမှ ဟာဝီသိုလယ် (ခေါ်) တောရဲယိုရွက်ကို သားငါးဟင်းအမျိုးစုံ ချက်ပြုတ်စားသုံးရာတွင် လည်းကောင်း၊ အတို့အမြှုပ်အဖြစ်လည်းကောင်း၊ ကြော်၍သုပ်၍လည်းကောင်း စားသုံးလာကြသည်။ ထိုသို့ပိုမိုစားသုံးလာကြရာမှ ဟာဝီသိုလယ်ပင်များမှာ အလျင်မီအောင် ရွက်နုများမထွက်ရှိတော့၍ ရှားပါးလာသောကြောင့် ဒေသခံအချို့မှာ တောတောင်များတွင် ဟာဝီသိုလယ်အပင်ပေါက်များအား ရှာဖွေတူးယူ၍ မိမိတို့အိမ်ခြံဝန်းအတွင်းတွင် တနိုင်တပိုင် စိုက်ပျိုးထိန်းသိမ်းလာကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)