(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုသောအားဖြင့် လူငယ်စိတ်စွမ်းအားမြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ မြန်အောင်မြို့ အ.ထ.က (ခွဲ) ရေနံမြေတွင်ကျင်းပ

မြန်အောင် ဇန်နဝါရီ ၂၆

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အ.ထ.က (ခွဲ) ရေနံမြေ စစ်တောင်းဆောင်၌ စာရေးဆရာမ ကြီး ယဥ်ယဥ် (ဘက်ရဲ) ၏ လူငယ်စိတ်စွမ်းအားမြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည် ၁ နာရီက ကျင်းပခဲ့သည်။

 အခမ်းအနားကို အ.ထ.က (ခွဲ) ရေနံမြေကျောင်းသား/ကျောင်းသူ ကလေးများက "ဇာတိမာန်"သီချင်းသီဆိုဖွင့်လှစ်ကြသည်။ ထို့နောက် မြို့နယ်ပညာရေးမှူးရုံးမှဦးစီးအရာရှိ ဦးစိုးဝင်းက ကျေးဇူးတင် နှုတ်ခွန်းဆက်စကားပြောကြား၍ အခမ်းအနားမှူးက စာရေးဆရာမကြီး ယဥ်ယဥ် (ဘက်ရဲ) ၏ ကိုယ်ရေးအတ္ထုပတ္တိကိုဖတ်ကြားသည်။

 ဆက်လက်၍ စာရေးဆရာမကြီး ယဥ်ယဥ် (ဘက်ရဲ) က (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုသောအားဖြင့်ပြည်ထောင်စု နေ့ပေါ်ပေါက်လာပုံသမိုင်းကြောင်း၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးသည် နိုင်ငံတစ်နိုင်ငံအတွက်မရှိမဖြစ် အဓိကမဏ္ဍိုင်ဖြစ်ကြောင်း သိရှိရန်ရှင်းလင်းပြောကြား၍ ကျောင်းသားလူငယ်များ ပြည်ထောင်စုစိတ်ဓါတ် အစဥ်ရှင်သန်ထက်မြက်စေရန် အသိပညာပေးဟောပြောခဲ့သည်။ ယင်းနောက် ဆရာမကြီးယဥ်ယဥ် (ဘက်ရဲ) က ကျောင်းသား၊ကျောင်းသူများ၏ ဆွေးနွေးမေးမြန်းမှုများကို လူငယ်များစိတ်စွမ်းအားမြှင့်တင်နိုင်ရန် ပြန်လည်ဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှုဒါန်းခဲ့ကြောင်းသိရသည်။

 အခမ်းအနားသို့ မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးမြင့်နိုင်၊ မြို့နယ်ပညာရေးမှူးရုံးမှဦးစီးအရာရှိ ဦးစိုးဝင်း၊အ.ထ.က (ခွဲ) ရေနံမြေ ကျောင်းအုပ် ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မြန်အောင်ရေနံမြေမှ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ဝင်းဗိုလ် (မြန်အောင်)