ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာ ညွှန်ကြားချက်များ လိုက်နာဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေး

မြိုင် အောက်တိုဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့်နိုင်ငံရေးပါတီများ စည်းရုံးရေး ကာလတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသော ညွှန်ကြားချက်များ လိုက်နာဆောင်ရွက်ရေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင်ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်ညွန့်က ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ကြမည့် နိုင်ငံရေးပါတီလွှတ်တော်ကိုယ်စားလှယ်လောင်း၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရာတွင် ဥပဒေနှင့် အညီလွတ်လပ်၍ တရားမျှတမှုရှိစေရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံရေးပါတီ စည်းရုံးရေး ခရီးစဉ်များတွင်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို အထူးအလေးထား ဆောင်ရွက်ကြရန်၊ မဲဆွယ်စည်းရုံးရာတွင် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရေး သက်ဆိုင်ရာပါတီများအနေဖြင့် မိမိတို့ပါတီဝင်များ၊ ပါတီဝန်းရံသူများအား အထူးကြပ်မတ်ဆောင်ရွက်ရန်၊ လူ(၅၀)ဦးထက်မပိုသော စည်းရုံးဟောပြောမှုကို အထူးလိုက်နာရန်ဆွေးနွေးသည်။

ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသာမောင်မောင်အေးက ကိုဗစ်-၁၉ရောဂါ ကာလအတွင်း မြို့နယ်အတွင်းဖြစ်ပွားနေသော နိုင်ငံရေးပါတီ မဲဆွယ်စည်းရုံး‌ရေး တွင် ကြုံတွေ့နေရသော အခြေအနေများနှင့်  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ညွှန်ကြားချက်များကို အလေးထားလိုက်နာဆောင်ရွက်ကြရန်ဆွေးနွေးကြားခဲ့ပြီး တက်ရောက်လာသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် တာဝန်ခံများက မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အခက်အခဲများကို တင်ပြကာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြို့နယ်‌ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးအနေဖြင့်လည်း ညွှန်ကြားချက်များနှင့်အညီ အစည်းအဝေး ဆုံးဖြတ်ချက်များကို  မြို့နယ် အတွင်းဝင် ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများထံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

သူရ(ပုံတောင်)